ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ

၁၈  နိုဝင်ဘာ

 

ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အသက်တစ်နှစ်မပြည့်ခင်ကာလက အရေးကြီးဆုံး အချိန်ပါ။ မွေးစကနေ ခြောက်လအတွင်းတော့ မိခင်နို့ သို့မဟုတ် နို့မှုန့်နဲ့ အာဟာရ ဖြည့်တင်းလာခဲ့ပေမယ့် ခြောက်လကျော်၊ တစ်နှစ်ဝန်းကျင်လောက်ဖြစ်လာရင် ကြေညက်အောင် ချေထားတဲ့ ထမင်း သို့မဟုတ် ဖြည့်စွက် အာဟာရတွေပါ တွဲကျွေးလို့ရပါပြီ။ နို့ဖြတ်သင့်တဲ့ အရွယ်ကိုလည်း ရောက်လာပါပြီ။

 

ဒါပေမယ့် နို့ချိုအာဟာရနဲ့ပဲ အမြဲအားဖြည့်လာခဲ့တဲ့ ကလေးကို နို့ဖြတ်ဖို့ဆိုတာ လွယ်ပါ့မလား။ မိခင်အတော်များများက အတွေ့အကြုံရှိသူတွေ အကြံပေးတဲ့အတိုင်း ရင်သားထိပ်မှာ ဆားခါးသုတ်ထားတာ၊ ခါးတဲ့အရာတစ်ခုခု သုတ်လိမ်းထားတာ စတဲ့နည်းတွေကို သုံးတတ်ကြပါတယ်။ နောက်ဆုံးတော့ နို့ပြတ်သွားတယ်ဆိုပေမယ့် ကလေးက နို့မစို့ရလို့ ငိုယို၊ လျှာမှာခါးသွားတဲ့ အရသာကြောင့် ဒုက္ခရောက်နေရတာတွေကို မြင်ရတဲ့အခါ အမေဖြစ်သူ ရင်ထဲမှာလည်း စိတ်မသက်မသာဖြစ်ရ၊ သနားရ နဲ့ ပင်ပန်းရပါတယ်။

 

ကလေးကိုဘယ်အချိန်မှာ နို့ဖြတ်မလဲ

 

နို့ဖြတ်သင့်တဲ့အချိန်ကို ရောက်လာပြီဆိုရင် ရုတ်တရက် ချက်ချင်းဖြတ်တာထက် တဖြည်းဖြည်းချင်း နို့ဖြတ်တာ ပိုကောင်းပါတယ်။ ကလေးကိုယ်တိုင်က နို့မစို့ချင်တော့ဘဲ အစာအာဟာရဘက်ကို ဦးစားပေးလာအောင် ကျင့်ယူပေးရမှာဖြစ်ပါတယ်။ ဒီအနေအထားမှာ စိတ်မလောဘဲ ကလေးရဲ့ ကျန်းမာစွာကြီးထွား ဖွံ့ဖြိုးမှုကို အားပေးနိုင်တဲ့ အစာအာဟာရကို ဖြည့်တင်းပေးဖို့လိုပါတယ်။ ဒါ့ကြောင့် ကလေးနို့ဖြတ်တဲ့အခါမှာ နည်းလမ်းမှန်ကန်စေဖို့၊ အဆင်ပြေစေဖို့ သိထားသင့်၊ သတိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။

 

အစောကြီး နို့မဖြတ်ပါနဲ့

 

ကလေးကို သိပ်အစောကြီး နို့ဖြတ်ပြီး အစာစကျွေးဖို့ မကြိုးစားပါနဲ့။ ကလေးဆိုတာ ခြောက်လမပြည့်မချင်း မိခင်နို့ သို့မဟုတ် နို့မှုန့် အာဟာရသောက်သုံးဖို့ လိုအပ်ပါတယ်။ စောစောစီးစီး နို့ဖြတ်ခြင်းက တကယ်တော့ မကောင်းတဲ့အကျိုးရလဒ်တွေရှိစေနိုင်ပါတယ်။ ဥပမာ ကလေးအသက် ၃လ – ၅လ အတွင်းမှာ နို့ဖြတ်လိုက်တယ်ဆိုရင် အဲဒီကလေးက ဓာတ်မတည့်မှုနဲ့ ရောဂါပိုးဝင်နိုင်ခြေ ပိုများတာကြောင့် မကြာခဏ နာမကျန်းဖြစ်လွယ်တတ်ပါတယ်။

 

နေ့ချင်းညချင်း နို့ပြတ်သွားဖို့ စိတ်မလောပါနဲ့

 

မိခင်နို့ရည်ဟာ ကလေးကစို့လေ ပိုထွက်လေဖြစ်တာကြောင့် နို့ဖြတ်ဖို့စဉ်းစားတဲ့အခါ ချက်ချင်းကြီး အဆင်ပြေသွားဖို့မကြိုးစားပါနဲ့။ ချက်ချင်းကြီး နို့ဖြတ်လိုက်ရင် နို့ကြောင်းပိတ်တာ၊ နာကျင်ရတာ၊ ရောဂါပိုးဝင်တာ၊ နို့နာဖြစ်တာတွေလည်း ခံစားရနိုင်ခြေများပါတယ်။ ဒါ့ကြောင့် နို့ရည်အစား အစားထိုးအာဟာရကို တွဲဖက်ကျွေးပေးရင်း ကလေးရဲ့စားသောက်ပုံကို ဖြည်းဖြည်းချင်း ပြောင်းလဲပေးသင့်ပါတယ်။

 

ကလေးရဲ့ကိုယ်အလေးချိန်ကို စောင့်ကြည့်ပါ

 

အသက်ခြောက်လကနေ ၁၈ လအတွင်း ကလေးငယ်တွေရဲ့ ကိုယ်အလေးချိန်က တက်လွယ်ကျလွယ်ပြီး အာဟာရချို့တဲ့မှုမဖြစ်အောင်လည်း ဂရုစိုက်ရပါတယ်။ ကလေးကို နို့ဖြတ်တဲ့ အစီအစဉ်ကလည်း စနေပြီး ထမင်းစကျွေးကာစ အကူးအပြောင်းကာလမှာ ကလေးရဲ့ ကိုယ်အလေးချိန်ကိုစောင့်ကြည့်နေ သင့်ပါတယ်။ ကလေးရဲ့ကိုယ်အလေးချိန်နဲ့ တခြားဖွံ့ဖြိုးမှု အခြေအနေတွေ မဆုတ်ယုတ်သွားဖို့ကို သတိထားရပါမယ်။

 

ဘူးနဲ့မဟုတ်ဘဲ ခွက်နဲ့တိုက်တဲ့အကျင့်လုပ်ပေးပါ

 

ကလေးကို နို့တိုက်တာပဲဖြစ်ဖြစ် ရေတိုက်တာဖြစ်ဖြစ် ဘူးအစား ပန်းကန်လုံး၊ ရေခွက်တို့ကို သုံးပေးတာက ကလေးကို ကျင့်သားရစေပါတယ်။ ခွက်နဲ့သောက်တတ်လာပြီဆိုရင် တဖြည်းဖြည်းနဲ့ ထမင်းစားဖို့၊ မုန့်စားဖို့ ပိုကျင့်သားရလာမှာပါ။ နို့စို့ဖို့ပဲ အားသန်နေတော့မှာ မဟုတ်တဲ့အတွက် နို့ဖြတ်ရတာပိုလွယ်စေပါတယ်။

 

မှန်ကန်မျှတတဲ့ အစာအာဟာရကိုပဲ ကျွေးတယ်ဆိုတာသေချာပါစေ

 

ကလေးကို အစားအစာအသစ်တွေစကျွေးတဲ့အခါ အာဟာရပြည့်ပြီး ဗီတာမင်ဓာတ်တွေ အချိုးအဆမျှတစွာပါဝင်ဖို့ လိုအပ်ပါတယ်။ ခြောက်လကနေ ၈ လအတွင်း ကလေးတွေကို အစားထိုးအာဟာရ(ကြိတ်ချေထားတဲ့ထမင်း)ကို တစ်နေ့နှစ်ကြိမ်ကနေသုံးကြိမ် ကျွေးပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါတယ်။ ကိုးလလောက်ဆို တစ်နေ့ သုံးကြိမ်၊ လေးကြိမ်အထိ တိုးကျွေးပြီး တစ်နှစ်ကျော်ရင်တော့ ထမင်းကျွေးချိန်တွေကြားမှာ သရေစာ အနည်းငယ်ကျွေးပေးလို့ရပါတယ်။

 

ကိုယ်နဲ့ကလေးအတွက် အသင့်တော်ဆုံးကိုဆုံးဖြတ်ပါ

 

တကယ်တော့ အရေးကြီးဆုံးက ကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ကျန်းမာရေးကို အမြဲမပြတ် စောင့်ကြည့်နေဖို့ပါပဲ။ နို့မဖြတ်သေးဘဲ ထမင်းပါတွဲကျွေးတာက ကလေးရဲ့ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုအတွက် ပိုကောင်းတယ်ဆိုရင် ကလေးအသက် နှစ်နှစ်ကျော်တဲ့အထိ နို့ဆက်တိုက်လို့ ရပါတယ်။ ဒါပေမယ့် အများစုက ကလေးအသက်တစ်နှစ်ကျော်တာနဲ့ နို့ဖြတ်ဖို့စဉ်းစားကြပါတယ်။ အစားထိုးကျွေးမယ့်အာဟာရကို ကလေးကလက်ခံရင်ပြဿနာမရှိပေမယ့် နို့မစို့ရချိန်မှာ တခြားအစာလည်းဟုတ်တိပတ်တိလက်မခံတဲ့ ကလေးတွေဆိုရင်တော့ အာဟာရချို့တဲ့မှုမရှိအောင် ဂရုစိုက်ရပါမယ်။ အပေါ်မှာပြောခဲ့သလို နို့လည်းတိုက်ရင်း အစားလည်းကျွေးရင်း တဖြည်းဖြည်းချင်းဖြတ်ပါ။ ကလေးကိုယ်တိုင် လိုလိုလားလားနဲ့ နို့ဖြတ်နိုင်ဖို့ ကြိုးစားတာ အကောင်းဆုံးပါ။

 

ရေးသားသူ Yun Sandi Nan Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”