ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း

၂၂ ဒီဇင်ဘာ

ဒီတစ်ခေါက် ဆွေးနွေးပေးမှာကတော့ အခုလို ရာသီဥတု အကူးအပြောင်းကာလတွေမှာ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်းပါ။

ဝမ်းပျက်ဝမ်းလျှောဖြစ်တာက အဓိကအားဖြင့် Rota virus – ရိုတာဗိုင်းရပ်စ်လို့ခေါ်တဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်ရတာပါ။ တခြားသော ဘက်တီးရီးယား၊ ကပ်ပါးကောင်တွေကြောင့် ဖြစ်တာလည်း ရှိပါတယ်။ ဝမ်းပျက်ရောဂါပိုးဟာ မသန့်တဲ့ အစားအစာကနေ တစ်ဆင့်ကူးစက်တာ ဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့ ကလေးတွေမှာ ဝမ်းသွားတာအပြင် ပျို့အန်ခြင်း၊ မျက်တွင်းကျခြင်း၊ ရေငတ်ခြင်း၊ ရေမသောက်နိုင်ခြင်း၊ ဆီးထွက်နည်းခြင်းနဲ့ မှိန်းခြင်း အစရှိတဲ့ အန္တရာယ်လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် ၂၄ နာရီအတွင်း ဝမ်းလျှောတာ ၃ ခါထက်ပိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီ သွားရောက်ပြီး အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါမှာ လက္ခဏာအလိုက် ရေဓာတ်ဆုံးရှုံးမှု အဆင့်ဆင့်ရှိပါတယ်။

၁။ ရေဓာတ်ဆုံးရှုံးမှု မရှိခြင်း

ဒီအဆင့်မှာတော့ ဆေးရုံတက်ဖို့မလိုပါဘူး။ အိမ်မှာပဲ စောင့်ကြည်ပြီးတော့ ကုသမှုအနေနဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်သောက်ဆေးတွေ Folic acid နဲ့ Zinc ဓာတ်တွေ သောက်ရပါမယ်။ ပုံမှန်အတိုင်း အစားကို ထည့်ကျွေးပါ။ ဒါ့အပြင် ဖြစ်နိုင်သမျှ အရည်များများ သောက်သုံးရပါမယ်။ အထူးသဖြင့် ဓာတ်ဆား၊ ဆားခတ်ထားတဲ့ ရေသန့်၊ စွပ်ပြုတ်ရည်တွေကို သောက်ရပါမယ်။ မသောက်သင့်တဲ့ အရည်တွေကတော့ အချိုရည်တွေ၊ လက်ဖက်ရည်တွေပဲ ဖြစ်ပါတယ်။ ရေဓာတ်နဲ့ ဓာတ်ဆားဖြည့်ဖို့ အတွက် ဘီပီအိုင်ဓာတ်ဆားကို ရွေးချယ်သင့်ပါတယ်။

၂။ ဝမ်းလျှောပြီးနောက် ရေဓာတ်ဆုံးရှုံးမှုအနည်းငယ်ရှိခြင်း

အများအားဖြင့် ဆေးရုံတင်လေ့ ရှိပါတယ်။ သောက်ဆေးတွေနဲ့ ဓာတ်ဆားရည်တွေကို ဆရာဝန် ညွှန်ကြားချက်အတိုင်း အတိအကျသောက်သုံးသင့်ပါတယ်။ ဒီအခြေအနေမှာတော့ ပုံမှန်အားဖြင့် ဆေးသွင်းလေ့ မရှိပါဘူး။ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။

၃။ ဝမ်းလျှောပြီး ရေဓာတ်ဆုံးရှုံးမှု အလွန်များခြင်း

အရေးပေါ်အခြေအနေပါ။ ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။ သွေးကြောရှာပြီး  ဆေးပုလင်းချိတ်ရပါမယ်။ ကလေးမိဘတွေအနေနဲ့ ဆရာဝန်ရဲ့ လမ်းညွှန်ကုသမှုကို အတိအကျလိုက်နာဖို့ လိုအပ်ပါတယ်။

ဝမ်းမပျက်အောင် ဘယ်လိုကာကွယ်မလဲ

ကလေးတွေကို အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ပါ။ အသက် ၆ လကျော်မှသာ ဖြည့်စွက်စာကျွေးသင့်ပါတယ်။

ကာကွယ်ဆေး ပုံမှန်ထိုးပါ

သောက်သုံးရေ ရေသန့်သာ သောက်ပါ

အိမ်သာတက်ပြီးချိန် ၊ အစာမစားခင်နဲ့ အစာစားပြီး လက်ကိုဆပ်ပြာနဲ့ ဆေးပါ

အစားအစာကို ယင်ကောင်တွေ မနားစေဖို့ ၊ အစာကို ကျက်အောင်ချက်ဖို့ သတိပြုပါ

ယင်လုံအိမ်သာ အသုံးပြုပါ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”