ကလေးကဗျာ ကလေးစာပေ

၁၉  ဖေဖော်ဝါရီ

 

အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိက ကမ္ဘာတစ်လွှားရှိ မည်သည့်အရပ်က မည်သည့်နိုင်ငံများတွင်မဆို သားချော့တေးဟူ၍ ရှိ၏။ အရှေ့အနောက်ဖြစ်စေ၊ အသားဖြူသည်ဖြစ်စေ၊ အသားမည်းသည် ဖြစ်စေ၊ မည်သည့်ဒေသ မည်သည့်လူမျိုးတွင်မဆို ကလေးသူငယ်များကို ဦးစားပေးခြင်း ချစ်ခင်ခြင်းဟူသည့် မေတ္တာအရင်းခံသော သားချော့တေးတို့ ရှိကြသည်ချည်း။ မိခင်စိတ်ဖြင့် ကလေးငယ်များကို ချော့မြူသော သားချော့တေး မဟုတ်ပါလား။

 

လူတိုင်းငယ်ဘဝကို ဖြတ်သန်းခဲ့ကြဖူးပြီး ကလေးကဗျာများ၊ သားချော့တေးများကို ယဉ်ပါးခဲ့ကြဖူးသည်သာ ဖြစ်၏။ ကလေးကဗျာ များကို စွဲလမ်းစွာ နားဆင်ခဲ့ကြဖူးသလို ပျော်ရွှင်စွာရွတ်ဆိုခဲ့ကြဖူးသူများသာ။ အို... အေးအေး...က အစပြု၍ ဝါဆိုဝါခေါင် ရေတွေကြီးလို့သပြေသီးမှည့် ကောက်ခဲ့ဖူးကြသူများ၊ ခေါင်းအုံးကြီးကို မြင်းပျံလုပ်စီးခဲ့ကြသူများ၊ နေလုံးနီနီ ညနေစောင်းမှာ အမေ့ကျောင်းကို တက်ခဲ့ကြဖူးသူများ အများအပြား ရှိပါမည်။ ရွှေတိဂုံကို မြင်လျှင် ရန်အောင် ဦးချအင်း ကဲ့သို့သော၊ အမယ်ကြီးတွေ ချမ်းလွန်လွန်းလို့ နှစ်ပတ်ကျွမ်းကို ထိုးကြတယ်ကဲ့သို့သော ညွှတ်နူးစရာ ရွှင်မြူးစရာများနှင့် ကြီးပြင်းခဲ့ရသူများလည်း ရှိပါမည်။

 

ကလေးကဗျာများတွင် အထူးခြားဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံးမှာ အသံချိုခြင်း၊ လိုက်လံရွတ်ဆိုရလွယ်ကူ၍ ပျော်ရွှင်ရခြင်းတို့ဖြစ်သည်ဟုထင်မြင်ပါသည်။ အကြောင်းအရာတို့ကလည်း ရယ်မောဝမ်းသာ နှစ်ခြိုက်စရာတို့ ဖြစ်တတ်သလို အားတက်စရာ အံ့ဩရင်သပ် စိတ်လှုပ်ရှားစရာတို့လည်း ဖြစ်ပါသည်။

 

မြန်မာစာပေနယ်၌ ဆရာကြီးမင်းသုဝဏ်၊ ဆရာကြီး ဒေါက်တာ မောင်ဖြူး၊ ဆရာကြီးတင်မိုးစသည့် ကဗျာဆရာကြီးများ၏ ကလေး ကဗျာများက အလွန်ပင် ထင်ရှားများပြားစွာ ရှိပါသည်။ ဆရာကြီးဇော်ဂျီ၏ “လတာမှာ နေလှန်းလို့ ကနန်းက ယက်ကန်ကန် ပြူးတဲ့မျက်ဆန်” လိုကဗျာဆိုလျှင် ကဗျာဖတ်နေရင်း သို့မဟုတ် ကဗျာရွတ်နေရင်း ကလေးများ၏ မျက်စိထဲတွင် သဘာဝတရားနှင့် ယှဉ်တွဲမြင်ယောင်ကာ စွဲလမ်းကြရမည်ဖြစ်ပါသည်။

 

ကလေးကဗျာများသည် ဆုံးမသံ၊ လူကြီးသံ၊ ပညာပေးသံတို့ဖြင့် ထုံမွှမ်းစရာမလိုအပ်လှဘဲ ကလေးငယ်များ၏ လွတ်လပ်စွာနေလိုသော၊ ရိုးရိုးစင်းစင်းနှင့် လွတ်လပ်သော အတွေးများနှင့် ပြည့်စုံပေါ်လွင်နေခြင်းဖြင့် ကလေးငယ်တို့၏ ရင်တွင်းထိခိုက် စွဲမက်ကြမည်ဟု မြင်ပါသည်။

 

ကလေးတို့သဘာဝ ရေမြေတောတောင် အကောင်ဗလောင်များကို စူးစမ်းချင်မည်၊ ချစ်မည်၊ သူရဲကောင်းပုံပြင်များကို နားထောင်ချင်မည် မဟုတ်ပါလော။ ဆရာမကြီး ကြည်အေး၏ အမေရေ... ဟိုတောင်တောက သစ်ကျားဆင်တွေပေါတဲ့ ပုံပြောမယ်ဆို အစချီ ကဗျာလေးဆိုလျှင်အစချီသည်နှင့် အဆုံးထိ သိချင် ဖတ်ချင် ရွတ်ချင် လာရသည် မဟုတ်ပါလော။

 

ကလေးကဗျာများက ကလေးများကို စာပေနှင့် ထိတွေ့ မိတ်ဆက်ပေးရာတွင် လွန်စွာနူးညံ့ကာ လွန်စွာစွဲလမ်းစေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ယနေ့ကာလ ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းနေကြချိန်တွင် ကလေးကဗျာများ များစွာပေါ်ထွန်းရေးကို အားပေးကြရန်လိုအပ်သည်ဟု ယူဆပါသည်။

 

ထို့အပြင် ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးစုများစွာဖြင့် ဖွဲ့စည်းထားသည့်အလျောက် ဒေသအသီးသီးရှိ တိုင်းရင်းသား ဘာသာအသီးသီးတို့၏ အသံများ အသုံးအနှုန်းများဖြင့် ဝေဆာနေသည့် ကလေးကဗျာများ ရှိနေသည်ကိုလည်း ဖော်ထုတ်ကြရန် သင့်ပါသည်။

 

တိုင်းရင်းသားတို့၏ ကလေးကဗျာများ၊ သားချော့တေးများသည်တိုင်းရင်းသား ဘာသာစကား အမျိုးမျိုးပေါ်တည်၍ နရီစည်းဝါး အသံကာရန် အမျိုးမျိုးရှိမည်ဖြစ်သော်လည်း ကလေးငယ်တို့ ရွတ်ဆိုရွှင်မြူးဖွယ်ကြွယ်ကြွယ်ဝ၀ ရှိနေမည်ကား အမှန်ပင် ဖြစ်ပါ၏။

 

ရခိုင်တိုင်းရင်းသားတို့၏ သားချော့တေးများ၊ တောင်ရိုးဓနု တိုင်းရင်း သားတို့၏ သားချော့တေးများ စသည့် စာအုပ်များပေါ် ထွက်ခဲ့ဖူးသည်ကို နမူနာပြု၍ တိုင်းရင်းသားပညာရှင်တို့၏ ခေါင်းဆောင်မှုဖြင့် ရှာဖွေဖော်ထုတ်သင့်လှသည်ဟု ယူဆပါသည်။

 

နှစ်ကာလများစွာ စစ်ပွဲများ၊ ပဋိပက္ခများ၊ ဖိနှိပ်မှုများ၊ ခွဲခြား ဆက်ဆံမှုများတို့ဖြင့် ယဉ်ကျေးမှုမျက်နှာစာကို အလေးမထားခဲ့သည်ကို ပြန်လည်ပြင်ဆင်တည့်မတ်ကြရန် သင့်လှပါပြီ။

 

ကလေးငယ်များ၏ အနာဂတ်သည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အားလျော်စွာ ကလေးစာပေ တိုးတက်ဖွံ့ဖြိုးရေးနှင့်အတူ ပြည်ထောင်စုတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုများကို စုဆောင်းကြ ဖော်ထုတ်ကြဖို့လိုအပ်ပြီဟု ယုံကြည်မိပါကြောင်း။ ။

 

မြန်မာ့အလင်း