ကလေးစာပေပွဲတော်(ဇလွန်) ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ဇလွန် ၄ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း စီစဉ် ကျင်းပသော ဇလွန်မြို့နယ်၊ ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဇလွန်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ထူးချွန်ကျောင်းသူ နှစ်ဦးတို့က ကျောင်းသား၊ ကျောင်းသူ(၁၀ဝ)ဦး ခြံရံလျက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးများနှင့်တကွ ဧည့်သည်တော် များ၊ ကျောင်းသား ကျောင်းသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြသည်။

 

ဆက်လက်၍ ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဖွ င့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပပြုလုပ်ရာ ဇလွန်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song သီချင်းသီဆို၍ အခမ်းအနားအားဖွင့်လှစ်သည်။

 

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက အခုကျင်းပပြုလုပ်သည့် ကလေးစာပေ ပွဲတော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် မြို့နယ်(၂၆)မြို့နယ်တွင် ပြုလုပ်သည့် ပွဲတော်များတွင် ဒုတိယကျင်းပသည့် စာပေပွဲတော်ဖြစ်ကြောင်း။ ကလေးငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ပြီး ရာသက်ပန်ပညာရှာမှီးသူများဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ ပညာ ဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝပြီး အနာဂတ်မှာ တိုင်းပြည်ကို ဦးဆောင်ဦးရွက် ပြုလာသူများ ဖြစ်လာစေရန်၊ ကျောင်းနေအရွယ်ကလေးများ ကလေးစာပေပွဲတော်နှင့်ပတ်သက်၍ ကျယ်ပြန့်စွာ သိရှိပြီး အများစုပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန် စတဲ့ရည်ရွယ်ချက်များနဲ့ ကလေးစာပေပွဲတော်ကို ကျင်းပပေးခြင်းဖြစ်ကြောင်း။

 

ဧရာဝတီတိုင်းအနေဖြင့် နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်နှင့် ခရိုင်အဆင့် ကလေးစာပေ ပွဲတော်များကို ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ကလေးစာပေပွဲတော်များ ကျင်းပ ပေးခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသ၍ တည်ဆောက် အကောင်အထည်ဖော်ပေးခြင်းဖြစ်ကြောင်း၊ ကလေးများ စာပေတွင်မွေ့လျော်မှုရှိပါမှ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံရဲ့ အနာဂတ်မှာ အေးချမ်းသာယာစွာ နေထိုင်နိုင်မှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပံ့ပိုးဆောင်ရွက်သလို ပြန်ကြားရေး ဝန်ကြီးဌာနအနေနှင့်လည်း ကလေးစာပေစာအုပ်များ ပံ့ပိုးခြင်းနှင့် အများပြည်သူသိရှိနိုင်အောင် သတင်းများတွင် ထည့်သွင်းဖော်ပြခြင်းများ ဆောင်ရွက်ပေးနေပါကြောင်း။

 

ကလေးစာပေပွဲတော်များကို အစိုးရသစ်လက်ထက်တွင် နိုင်ငံရဲ့အနာဂတ်ကောင်းမွန်ရေးအတွက် ရည်ရွယ်ချက်ကောင်းတွေနဲ့ ဖော်ထုတ်အကောင်အထည်ဖော်ပေးတာဖြစ်ပြီး ဆောင်ရွက် ပေးကြသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်း/ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများ၊ ဒေသရှိ ငွေအား၊ လူအား၊ ကူညီဆောင်ရွက်ပေးကြသူများကို ကျေးဇူးတင် ရှိကြောင်းနှင့် အစိုးရ၏ "ပြည်သူနှင့်အတူ" ဟူသော ဆောင်ပုဒ်နှင့်အညီ အစိုးရနှင့်ပြည်သူ လက်တွဲညီညီဆောင်ရွက်သည့် ပွဲတော်ဖြစ်ပါကြောင်း" ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသန်းဆွေဝင်းက "ယခုကျင်းပသည့် ကလေးစာပေပွဲတော်သည် အနာဂတ်၏ ခေါင်းဆောင်များဖြစ်ကြမည့် ကလေးများအတွက် စာအုပ်စာပေမြတ်နိုးမှု၊ စာပေကပေးသည့် အသိ၊ အလိမ္မာများရရှိပြီး မိမိတို့ဘဝတိုးတက်ရေး၊ နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးနှင့်တစ်ဦး စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိအောင် ဆောင်ရွက်ပေးခွင့်ရသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ တန်ဖိုးရှိပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါကြောင်း၊ ပွဲတော်၌ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းတွင်ပြသထားသည့် နိုင်ငံအကြီးအကဲများ၊ ထင်ပေါ်ကျော်ကြားသူများကို လေ့လာကြည့်ရှုခြင်းဖြင့် ကလေးများအားကျ အတုယူနိုင်သလို ဗဟုသုတများစွာရရှိမည်ဟု ယုံကြည်ပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက် ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူလေးများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြပွဲ၊ ပြိုင်ပွဲကျင်းပရာသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ - ဇလွန်(ပြန်/ဆက်)