ဝါးခယ်မ ၁၇ ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော်(ဝါးခယ်မ) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဝါးခယ်မမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

8965

 

ကလေးစာပေပွဲတော်(ဝါးခယ်မ) ဖွင့်ပွဲအစမ်းလေ့ကျင့်မှုကို ယနေ့ နံနက် ၈ နာရီက ဝါးခယ်မမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အသီးသီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

 

7985236

 

ကလေးစာပေပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် ပုံပြော၊ ကဗျာရွတ်၊ ကျပန်း စကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းနှင့် အသိပညာပေး ပြခန်းများ၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထ ကောင်းများ ရရှိလာစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည် အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ပြီး "ကလေးစာပေပွဲတော်" စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ပြုလုပ်ခြင်းဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

8965

 

မြို့နယ် (ပြန်/ဆက်)