ကလေးစာပေပွဲတော် (ဖာပွန်) ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်

ဖာပွန်  ၁၆   ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဖာပွန်ခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော်(ဖာပွန်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ(၃)နာရီခွဲ အချိန်တွင် ဖွင့်ပွဲအခမ်းအနားအစမ်းလေ့ကျင့်ခြင်း၊ ပြိုင်ပွဲ၊ ပြခန်းများပြသနိုင်ရေး စတင်ပြင်ဆင်ခြင်းနှင့် ဖျော်ဖြေပွဲများဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားအစမ်းလေ့ကျင့်မှုအား ကရင်ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်း၊ ခရိုင်အေထွေထွအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအေးနှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ဖာပွန်ခရိုင် ကလေးစာပေပွဲတော်တွင် ကလေးများအတွက် ကဗျာရွတ်၊ ပုံပြော၊ ပန်းချီ၊ ဆေးရောင်ခြယ်နှင့် ကျပန်းစကားပြောပြိုင်ပွဲများ အိမ်ဆောက်၊ အရုပ်ဆက်၊ စကားပုံဆက်ကစားနည်းနှင့် အားကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

 

ထို့ပြင် ပြခန်းများအနေဖြင့် ရှမ်းရိုးရာယဉ်ကျေးမှုပြခန်း၊ သိပ္ပံနည်းပညာပြခန်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုပြခန်းများ၊ စာအုပ်ပြခန်းနှင့် ကလေးစာဖတ်ခန်း၊ မှုခင်းပညာပေးပြခန်း၊ နည်းပညာအထက်တန်းကျောင်းပြခန်း(ဘားအံ)နှင့် ဌာနဆိုင်ရာပြခန်းများ ပါဝင်ပြသသွားမည်ဖြစ်ပြီး စာအုပ်ဆိုင် အရောင်းဆိုင်များမှစာအုပ်၊ စာစောင်များ လာရောက်ခင်းကျင်းရောင်းချသွားမည်ဖြစ်သည်။

 

အဆိုပါ ကလေးစာပေပွဲတော်ကို ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင် ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်လာရောက်သူများကိုနေ့စဉ် စတုဒီသာထမင်းကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ဝဏ္ဏ(ပြန်/ဆက်)