ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဖာပွန်  ၁၃  စက်တင်ဘာ 


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။ 


အခမ်းအနားတွင် ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကလေးသူငယ်များသည် အနာဂတ်နိုင်ငံတော်၏ ရင်နှစ်သည်းခြား အဖိုးတန်ရတနာများပင်ဖြစ်သည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာပေဗဟုသုတရရှိရေး၊ ကလေးများဉာဏ်ရည်ထက်မြတ်စေရေးနှင့် ကလေးများစွမ်းဆောင်ရည်မြင့်တက်စေရေးအတွက် ကလေးစာပေပွဲတော်များကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကလေးစာပေပွဲတော်ပြုလုပ်မည့်အစီအစဉ်များ၊ ဌာနဆိုင်ရာများမှ ကလေးစာပေပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန်၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကလေးများပျော်ရွှင်ဖွယ်ရာ ကစားနည်းပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ ကလေးငယ်များ စာပေဗဟုသုတများနှင့် စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ စာအုပ်ပြပွဲများ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၏ တင်ပြချက်များကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်သွားကြရန် ကလေးစာပေပွဲတော်ကျင်းပရေးဆပ်ကော်မတီများမှလည်း မိမိတို့တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အတည်ပြုဆွေးနွေးခဲ့ကြသည်။ အဆိုပါကလေးစာပေပွဲတော်အား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


ကျော်ဝဏ္ဏ(ဖာပွန်)