ကလေးအဝလွန်ခြင်းကို ကာကွယ်ဖို့ မေမေတို့ရဲ့ နေ့စဉ်တာဝန်

လူကြီးတွေအမြင်မှာတော့ ဝလို့လှတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းကတော့ ဝတယ်ဆိုတာ ဘယ်အသက်အရွယ်မဆို မကောင်းပါဘူး။ ကလေးတွေလည်း ကြီးထွားဖွံ့ဖြိုးဆဲအရွယ်၊ ကိုယ်ခံအားလည်း နည်းနေသေးတဲ့ အရွယ်ဆိုရင် ပိုပြီးတောင် မဝသင့်ပါဘူး။ လူတိုင်းမှာ ကိုယ့်အသက်အရွယ်နဲ့ သင့်တော်တဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားဖို့ လိုပါတယ်။

ကလေးတွေ အဝလွန်လာတဲ့အခါ သူတို့လေးတွေရဲ့ ကျန်းမာရေးတင်မကဘဲ ကိုယ့်ရဲ့ ကျောင်းစာတွေ၊ သူ့ရဲ့ ပေါင်းသင်းဆက်ဆံမှုပိုင်း၊ စိတ်ခံစားချက်ပိုင်း၊ လူမှုဆက်ဆံရေးနယ်ပယ်မှာပါ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင်
အဝလွန်တဲ့ ကလေးတွေမှာ

• စာကောင်းကောင်းမလိုက်နိုင်ခြင်း

• လေးလံထိုင်းမှိုင်းခြင်း

• တက်ကြွမှုမရှိခြင်း

• စာလုပ်ဖို့ စိတ်ပါဝင်စားမှုနည်းခြင်း

• အားကစားလုပ်တဲ့အခါမှာ အားမစိုက်ထုတ်နိုင်ခြင်း၊ အမောမခံနိုင်ခြင်း

• အပေါင်းအသင်းတွေကြားမှာ အနှိမ်ခံရခြင်း

• ပြင်းပြင်းထန်ထန် စနောက်ခံရခြင်း

• အထီးကျန်ဆန်ခြင်း

• အပေါင်းအသင်းနည်းခြင်း အစရှိတဲ့ လူမှုရေးရာပြဿနာတွေ ဖြစ်နိုင်ပြီး ဒီပြဿနာက ကလေးဘဝမှာ အစပြုလို့ အသက်ကြီးတဲ့အထိ ပါသွားပြီး တစ်ဘဝလုံး အရိပ်မည်းကြီးလို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။

ကျန်းမာရေးပြဿနာတွေအနေနဲ့

• နှလုံးရောဂါ

• ဆီးချိုရောဂါ

• သွေးတိုးရောဂါ

• လေဖြတ်ခြင်း

• အသည်းအဆီဖုံးခြင်း

• ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုနှေးခြင်း

• ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေကို မြင့်တက်စေပြီး လူ့ဘဝသက်တမ်းကို တိုစေနိုင်ပါတယ်။

ဒီတော့ မေမေတွေအနေနဲ့ ကိုယ့်ကလေးဝဖို့ထက် သူတို့ရဲ့ ကျန်းမာရေးအတွက်ကို ပိုပြီးအလေးထားဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ အဲ့တော့ ကလေးမဝဖို့ မေမေတွေအနေနဲ့ ဘာလုပ်ပေးဖို့လိုမလဲ၊ တချို့မိသားစုမှာလည်း မိဘနှစ်ဦးလုံးက အလုပ်ထွက်လုပ်နေရတဲ့အခါ ကလေးအတွက် သိပ်ပြီး ဂရုစိုက်ဖို့ မအားလပ်တာကြောင့် ခုလိုလုပ်ရင် ပိုပြီးအလုပ်ရှုပ်စေမလားလို့ မေးစရာတွေ ဖြစ်လာတာပေါ့။

တကယ်တော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်သလိုမျိုး ကိုယ့်မိသားစုရဲ့ နေထိုင်စားသောက်မှုပုံစံကို နည်းနည်းချင်း ပြင်ပေးလိုက်ရုံနဲ့ ရပါတယ်။ ကလေးဆိုတာ ငယ်သေးတဲ့အတွက် လူကြီးတွေမှာလိုမျိုး ကိုယ်အလေးချိန်ကျစေဖို့ အပြင်းအထန် diet လုပ်တာ၊ လေ့ကျင့်ခန်းလုပ်စရာမျိုးတွေလည်း မလိုတဲ့အတွက် တော်တော့်ကို အလုပ်ရှုပ်သက်သာတာမို့ မအားမလပ်တဲ့မေမေတွေအတွက် ခုပြောပြပေးမယ့် နည်းလမ်းတွေက အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

၁။ ကလေးတွေကို ညစောစောအိပ်တဲ့ အကျင့်လုပ်ပေးပါ။ ကလေးအရွယ်တွေမှာ အိပ်ချိန်ပိုပြီး လိုအပ်တာကြောင့် ည ၁၀ နာရီ နောက်ဆုံးထားပြီး အိပ်ရာဝင်ခိုင်းပါ။ မနက်ကို ၇နာရီလောက် နှိုးပေးပါ။ ပိတ်ရက်တွေမှာ ပိုပြီး အိပ်ရေးဝနေပါစေ။

၂။ အပြင်က အစားအစာတွေက အချိုမှုန့်တွေ၊ ဆား၊ သကြား ပါဝင်မှုများတာကြောင့် တတ်နိုင်ရင် သိပ်မကျွေးပါနဲ့။ ကလေးက ဒီအရသာတွေကို ပါးစပ်ထဲစွဲသွားတဲ့အခါ အိမ်ထမင်း အိမ်ဟင်းတွေ ကျွေးရင် သိပ်စားချင်တော့မှာ မဟုတ်ပါဘူး။

၃။ အဆီ၊ အချို၊ အငန်ဓာတ်လွန်ကဲတဲ့ အသင့်စားအစားအစာ ဥပမာ – ကြက်ကြော်၊ အာလူးကြော်၊ ဘာဂါ၊ အကင်တွေ၊ အချိုအရမ်းများလွန်းတဲ့ မုန့်တွေ ဥပမာ – ကိတ်မုန့်၊ ရေခဲမုန့်၊ သကြားလုံး၊ အားဖြည့်အချိုရည်တွေကို လုံးဝမကျွေးပါနဲ့။

၄။ ကလေးကို အိမ်မှာပဲအောင်းပြီး စာကျက်ခိုင်းတာမျိုး မလုပ်ခိုင်းပါနဲ့။ ကလေးက စာပဲဖိကျက်နေလို့ စာပိုမရသွားပါဘူး။ ကျန်းမာရေးနဲ့ စာလုပ်ချင်စိတ် ပိုနည်းသွားတာပဲ အဖတ်တင်မှာပါ။ စာကျက်ချိန် စာကျက်၊ ကစားချိန် ကစား၊ နားချိန် နား၊ အားလုံးကို သူ့အချိန်နဲ့သူ ကန့်သတ်ပြီး လုပ်တတ်တဲ့ အကျင့်မွေးပါ။ ကလေးကိုယ်တိုင်က ဆိုဖာပေါ်ထိုင်ပြီး အချိန်ပြည့် တီဗီကြည့်နေတာ၊ ဖုန်းသုံးနေတာ တွေ့ရင်လည်း လှုပ်လှုပ်ရှားရှားနေဖို့ သတိပေးပါ။ ပိတ်ရက်တွေ၊ အားလပ်ချိန်တွေမှာ မိသားစုအတူတကွ လေ့ကျင့်ခန်းလုပ်ပါ။

၅။ ကလေးကို လမ်းလျှောက်တာ၊ ပြေးတာအပြင် ရေကူးသင်ပေးဖို့ သေချာတိုက်တွန်းပေးပါ။ ရေကူးတာက ကလေးရဲ့ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးကိုသာမက ကြီးထွားဖွံ့ဖြိုးမှုကိုလည်း အထောက်အကူပေးနိုင်ပါတယ်။

၆။ ငယ်သေးတဲ့အရွယ်မှာ မုန့်ဖိုးပေးမယ့်အစား မုန့်ပဲသရေစာတွေကို ကိုယ်တိုင်ဝယ်ပြီး မုန့်ဘူးနဲ့ ထည့်ပေးပါ။ ကလေးကျွေးမယ့် မုန့်ကို ကိုယ်တိုင်စားကြည့်ပြီး အချို၊ အငန်မများဘူးဆိုမှ ကျွေးတာပိုကောင်းပါတယ်။

၇။ ကလေးက ဟင်းသီးဟင်းရွက်မကြိုက်လို့ဆိုပြီး မကျွေးဘဲနေတာမျိုး၊ အတင်းဖိကျွေးတာမျိုး မလုပ်ပါနဲ့။ တစ်မျိုးပြီးတစ်မျိုး ပြောင်းကျွေးတာ၊ ဟင်းချက်တဲ့ပုံစံ၊ ဟင်းခတ်ပစ္စည်းတွေ ပြောင်းထည့်ကြည့်ပါ။

၈။ ကလေးကို တစ်နေ့ အစာ ၃နပ် မှန်မှန်ကျွေးပါ။ အသား၊ ဟင်းသီးဟင်းရွက်၊ ဥ၊ ပဲ၊ အစေ့အဆန်၊ အသီးအနှံ စသဖြင့် အစာအာဟာရ စုံလင်စွာ ကျွေးပေးပါ။ မနက်ကျောင်းမသွားခင်၊ ညမအိပ်ခင် နွားနို့တစ်ခွက် တိုက်ပေးပါ။

ဒီအချက်တွေကို နေ့စဉ်နေ့တိုင်းမှန်မှန်လုပ်ပေးမယ်ဆိုရင် ကိုယ့်ကလေး အဝလွန်ခြင်းကနေ ကာကွယ်ပေးနိုင်မယ့်အပြင် ကျန်းကျန်းမာမာနဲ့ ကြည့်ကောင်းတဲ့ လူကြီးအရွယ်ကို ကြီးထွားဖွံ့ဖြိုးလာနိုင်မယ်ဆိုတာ အသေအချာပါပဲ။ လူတစ်ယောက် အသက်ရှည်ရှည်နေထိုင်နိုင်ဖို့အတွက် သင့်တော်တဲ့ နေထိုင်စားသောက်မှုပုံစံဆိုတာ ကလေးဘဝကနေ ဖြည်းဖြည်းချင်း ပုံစံသွင်းပေးရတာ ဖြစ်တာကြောင့် မေမေတွေအနေနဲ့ ဒီအချက်ကို မပေါ့ဖို့ ထပ်ပြီး သတိပေးလိုက်ချင်ပါတယ်နော်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ Ye Myo Myatဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win