ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်

၂၂ ဒီဇင်ဘာ

မွေးကင်းစကလေးငယ်တွေနဲ့ ကလေးတွေမှာလည်း လူကြီးတွေမှာဖြစ်သလို အရေပြား ခြောက်တာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးတွေရဲ့ အရေပြားက နူးညံ့ပြီး ထိခိုက်လွယ်သလို ပိုပြီးတော့လည်း ခြောက်သွေ့လွယ်ပါတယ်။

အရေပြားခြောက်သွေ့မှုကြောင့် ဖြစ်တဲ့ပြဿနာတွေကလည်း ပိုဆိုးတတ်ပါတယ်။ ကလေးရဲ့ အရေပြားကို မခြောက်သွေ့အောင်ထိန်းသိမ်းပေးဖို့က မိဘတွေအနေနဲ့ မေ့မထားသင့်တဲ့ အချက်တစ်ခုပါ။ ဒီတစ်ခါတော့ ကလေးအရေပြားကို မခြောက်သွေ့အောင် စောင့်ရှောက်ပေးတာကနေ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးမယ်နော်။

ကလေးငယ်တွေရဲ့ အရေပြားဟာ အရမ်းပူလွန်း၊ အေးလွန်းတဲ့ ရာသီဥတုအခြေအနေနဲ့ ပြင်ပလေတွေကြောင့် ခြောက်သွေ့နိုင်သလို အခန်းတွင်း အပူချိန်ပြင်းလွန်းရင်လည်း ခြောက်သွေ့ တတ်ပါတယ်။

ကလေးက ခြောက်သွေ့လွယ်တဲ့ အသားအရေကို ပိုင်ဆိုင်ထားရင်တော့ ဖေဖေ မေမေတွေအနေနဲ့ ပိုပြီးဂရုစိုက်ပေးဖို့ လိုပါလိမ့်မယ်။

အရေပြားမခြောက်သွေ့အောင် ဘာလို့ကာကွယ်သင့်တာလဲ

ကလေးငယ်မှာ အရေပြားခြောက်သွေ့တဲ့အခါ နောက်ဆက်တွဲ အရေပြားပြဿနာတွေဖြစ်တဲ့ ယားယံတာ၊ အရေပြားအဖတ်ကွာတာ၊ Eczema (နှင်းခူ) နဲ့ Ichthyosis လို့ခေါ်တဲ့ မျိုးရိုးလိုက်တဲ့ အရေပြားပြဿနာကို ခံစားရနိုင်ပါတယ်။ အရေပြားခြောက်သွေ့တဲ့အခါ ယားယံပြီး ကလေးက လက်သည်းနဲ့ ကုတ်ခြစ်မိမယ်ဆိုရင်လည်း အရေပြားမှာ အနာတရဖြစ်တာနဲ့ မပျောက်တော့တဲ့ အမာရွတ်တွေ ထင်ကျန်တာမျိုး ဖြစ်နိုင်ပါတယ်။

အရေပြားခြောက်သွေ့နေတယ်ဆိုတာကို သိနိုင်တဲ့လက္ခဏာများ

ထိလိုက်ရင် ခက်ကြမ်းကြမ်းဖြစ်နေတာ
အရေပြားအပေါ်ယံလွှာတွေကွာတာ
အရေပြားပေါ်မှာ အဖတ်လေးတွေဖြစ်နေတာ
အရေပြားယားယံတာ
အရေပြားမှာ အက်ကြောင်းရာလိုမျိုးဖြစ်နေတာ
လက်သည်းနဲ့ကုတ်တဲ့အခါမျိုးမှာ အဖြူရောင်အစင်းဖြစ်ပြီးကျန်နေတာ

ဘာတွေက အရေပြားခြောက်သွေ့တာကိုဖြစ်စေနိုင်တာလဲ

အချို့ကလေးငယ်တွေကတော့ မွေးကင်းစကတည်းက အရေပြားခြောက်သွေ့လာတာပါ။

ကလေးတွေကို အရေပြားခြောက်သွေ့စေနိုင်တဲ့ အကြောင်းအရာတွေကတော့ –

ရာသီဥတုခြောက်သွေ့လွန်းတာ
အေးလွန်းတာ
အပူချိန်ပြင်းလွန်းတာ
ရေအကြာကြီးချိုးပေးတာ
အပြင်းစားဆပ်ပြာတွေသုံးတာ
ပြင်ပလေနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့စေတာ
ပင်လယ်ရေလိုမျိုး ဆားပါတဲ့ရေနဲ့ထိတွေ့စေတာ
ကလိုရင်းသုံးထားတဲ့ရေနဲ့ထိတွေ့စေတာ

အရေပြားမခြောက်သွေ့အောင် ထိန်းသိမ်းပေးရင် ဘာအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

(၁) Ichthyosis ကိုသက်သာစေနိုင်ခြင်း

အရေပြားအပေါ်ယံ အဖတ်လေးတွေကွာကျတာပါ။ မျိုးရိုးရှိတဲ့ကလေးတွေမှာ အဖြစ်များပါတယ်။ အရေပြားယားယံခြောက်သွေ့ပြီး အဖတ်လေးတွေ ကွာကျတာမျိုးပါ။ အရေပြားကို မခြောက်သွေ့အောင် ထိန်းသိမ်းပေးမယ်ဆိုရင် ကလေးရဲ့ ichthyosis ရောဂါလက္ခဏာကို သက်သာစေ မှာလည်း ဖြစ်ပါတယ်။

(၂) Eczema (နှင်းခူ) သက်သာစေနိုင်ခြင်း

အရေပြားခြောက်သွေ့တဲ့အခါ Eczema (နှင်းခူ) လိုမျိုးအရေပြားပြဿနာကို ခံစားရနိုင်ပါတယ်။ နှင်းခူဖြစ်တဲ့အခါ ကလေးရဲ့အရေပြားက နီရဲပြီး ယားယံတဲ့အကွက်တွေ ဖြစ်နေတတ်ပြီး မိတ်နဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။

(၃) အရေပြားကွာတာကို ကင်းဝေးစေနိုင်ခြင်း

အရေပြားကို မခြောက်သွေ့အောင် အစိုဓာတ်ထိန်းထားတဲ့အခါ အရေပြားခြောက်သွေ့တာကြောင့် ဖြစ်တဲ့ အပေါ်ယံအရေပြားကွာကျတာမျိုးကိုမဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်မှာဖြစ်ပါတယ်။ ကလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာဖြစ်တဲ့ အရေပြားကွာကျတာမျိုးကို ကင်းဝေးစေမှာလည်း ဖြစ်ပါတယ်။

(၄) အရေပြားယားယံမှုကို မဖြစ်စေနိုင်ခြင်း

ကလေးတော်တော်များများက အရေပြားခြောက်သွေ့ယားယံတာမျိုး ခံစားကြရပါတယ်။ အရေပြား ခြောက်သွေ့မှုက ယားယံမှုကို ပိုဖြစ်စေနိုင်ပါတယ်။ အရေပြားယားယံတဲ့အခါ ကလေးက ကုတ်ဖဲ့မိရာကနေ အနာတွေဖြစ်တာနဲ့ အရေပြားပေါ်မှာ အမာရွတ်တွေထင်ကျန်ခဲ့တာလိုမျိုး နောက်ဆက်တွဲ အရေပြားပြဿနာတွေ ခံစားရနိုင်ပါတယ်။ အရေပြားကို မခြောက်သွေ့အောင် ဂရုစိုက်ပေးခြင်းက ဒီပြဿနာတွေကနေ ကင်းဝေစေနိုင်မှာပါ။

(၅) အရေပြားအနာဖြစ်ခြင်း ကင်းစေနိုင်ခြင်း

အရေပြားမှာ အနာတွေဖြစ်ရတဲ့အကြောင်းအရင်းက အရေပြားခြောက်သွေ့ကြမ်းတမ်းတာကြောင့်ပါ။ အရေပြားခြောက်သွေ့ကြမ်းတမ်းတာရဲ့နောက်မှာ အရေပြားကွဲအက်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ ပိုးဝင်ကူးစက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရေပြားမှာ လိုအပ်တဲ့ရေဓာတ်နဲ့ အဆီပြည့်ဝနေမယ် ဆိုရင်တော့ ဒီလိုမျိုးအရေပြားပြဿနာတွေကို ခေါက်ထားနိုင်မှာ အသေအချာပါပဲ။

(၆) အသားအရေချောမွေ့စေနိုင်ခြင်း

အရေပြားကို ငယ်စဉ်ကတည်းက သေချာထိန်းသိမ်းပေးမှာ အရွယ်ရောက်လာတဲ့အခါ ကလေးရဲ့ အသားအရေက ချောမွေ့နေမှာပါ။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးရဲ့ အရေပြားကို ခြောက်သွေ့မှုကင်းပြီး နူးညံ့စိုပြေနေစေဖို့ သေသေချာချာ ထိန်းသိမ်းထားဖို့လိုပါမယ်။ ဒါကြောင့် ကလေးကိုချောမွေ့တဲ့ အသားအရေပိုင်ရှင်ဖြစ်စေဖို့ ငယ်စဉ်ကတည်းက ခြောက်သွေ့မှု ကင်းအောင် စောင့်ရှောက်ပေးဖို့လိုပါတယ်။

အသားအရေခြောက်သွေ့တဲ့ ကလေးငယ်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

ရေချိုးရင် ဆပ်ပြာမသုံးပေးပါနဲ့
အပျော့စားဆပ်ပြာမျိုးကိုပဲရွေးသုံးပေးပါ
ရနံ့တွေပါတဲ့ပေါင်ဒါတွေ မသုံးပေးပါနဲ့
ကလေးအဝတ်တွေကို အပြင်းစားဆပ်ပြာမှုန့်တွေသုံးပြီး မလျှော်ပါနဲ့
ရေအကြာကြီးချိုးပေးတာကိုရှောင်ပါ
ရေချိုးပြီးတိုင်း moisturiser သုံးပေးပါ
ကလေးကို ရေဓာတ်လုံလောက်အောင်ထားပါ
မိခင်နို့လုံလောက်အောင် တိုက်ကျွေးပါ
နေပူရှိန်ပြင်းပြင်းနဲ့ပေးမထိပါနဲ့
ခြောက်သွေ့တဲ့ပြင်ပလေထုကနေကာကွယ်ပေးပါ
ကလေးအခန်းထဲမှာ စိုထိုင်းမှုထိန်းစက်ဖွင့်ပေးထားပါ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”