ကလော၊ ကျိုင်းတုံ၊ ပင်လောင်း၊ နမ့်စန်၊ ကွန်ဟိန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၆   ဖေဖော်ဝါရီ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၅ရက် မွန်းလွဲ ၁ နာရီခွဲက ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၊ ကလော-သာစည် သွား ကားလမ်းတွင် ချမ်းမြေ့ကိုကို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊

အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ပါဆံကျ (အားခေ) ကျေးရွာနေ ဟားဂါ ၏နေအိမ်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၁၈၈ ပြားကို လည်းကောင်း။

ထို့အတူ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာအုပ်စု၊ သစ်ပင်ကောက် ကျေးရွာအနီးတွင် မောင်မြ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေရာ ၎င်း၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို လည်းကောင်း။

အလားတူ ယင်းနေ့ ညနေ ၅ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့နယ်၊ ဝမ်ပုံကျေးရွာအုပ်စု၊ ကျောင်းကုန်း ကျေးရွာနေ မောင်ထွန်း ၏နေအိမ်အားရှာဖွေရာ ၎င်းနှင့်အတူ စိန်မောင်၊ ကျော်နိုင်နှင့် မောင်ပန်း တို့အား တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၅,၉၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၃၂၃၅၈၆ ကီလို တို့ကိုလည်းကောင်း။

အလားတူ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ တာကော်တံတားပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် စိုင်းလိတ်(ခ)အောင်မြ မောင်းနှင်ပြီး စိုင်းမြင့်ဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀၊ မြန်မာငွေကျပ် ၅၀၀,၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မိုင်းပျဉ်းမြို့နယ်၊ ဟွေဟင် (၇)မိုင်ရွာနေ အာဗွေ၏ နေအိမ်ကိုရှာဖွေရာ ဘိန်းစိမ်း ၆ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၇၀ ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

(ရဲပြန်ကြား)