မန္တလေး ၄ နိုဝင်ဘာ
မြန်မာနိုင်ငံတွင် ကြက်ဥမွေးမြူထုတ်လုပ်ခြင်းကဏ္ဍ၌ ခေတ်မီနည်းပညာရပ်များ ပေါင်းစပ်ကာ ပုံစံ ပြောင်းလဲဆောင်ရွက်လာမှုကြောင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းကျော် ဖွံ့ဖြိုးတိုးတက်လာသော်လည်း ပြည်တွင်း၌ စားသုံးမှုနည်းပါးနေခြင်းကြောင့် ကြက်ဥဈေးနှုန်းများ ကျဆင်းနေကြောင်း သိရသည်။
နိုင်ငံတကာတွင် ကြက်ဥစားသုံးမှုကို လေ့လာကြည့်ပါက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် လူတစ်ဦးချင်းအနေဖြင့် တစ်နှစ်လျှင် ကြက်ဥ အလုံးရေ ၂၀၀ ခန့်နှင့် ဂျပန်နှင့် ထိုင်ဝမ်တို့တွင် လူတစ်ဦးလျှင် တစ်နှစ်တာကာအတွင်း၌ ကြက်ဥအလုံးရေ ၃၅၀ ကျော် စားသုံးနေသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ ကောက်ယူထားသည့် စစ်တမ်းများအရ တစ်နှစ်လျှင် လူတစ်ဦးအနေဖြင့် အလုံး ၅၀ နှင့် ၆၀ ကြားသာ စားသုံးမှုရှိနေသေးကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း လက်ကားဖြန့်ချိပေးနေသည့် ကြက်ဥဈေးနှုန်းမှာ အလုံးရေ ၂၇ လုံး ပါဝင်သည့် ကြက်ဥတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ဝန်းကျင်အထိ ကျဆင်းကာ တစ်လုံးချင်းစီအနေဖြင့် ငွေကျပ် ၈၀ နှုန်းသာ ပေါက်ဈေးရှိမှုကြောင့် မွေးမြူသူများအတွက် ထုတ်လုပ်မှုစရိတ်အောက်သို့ ရောက်ရှိနေသော်လည်း လက်လီဈေးကွက်တွင် ဈေးကျဆင်းခြင်းမရှိသည့်အတွက် ဈေးလျော့ရောင်းချပေးရန် တိုက်တွန်းပြောကြားနေရကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဒေါက်တာကျော်ထင်က ပြောသည်။
ကြက်ဥဈေးနှုန်းက ပုံမှန်ဆို လက်ကားဈေးအနေနဲ့ တစ်ပိဿာကို ငွေကျပ် ၂၅၀၀ နဲ့ ၃၀၀၀ ကြားမှာ ပေါက်ဈေးရှိပေမယ့် လက်ရှိအခြေခအနေမှာ ထုတ်လုပ်မှုများပြီး စားသုံးနည်းပါးနေသေးတဲ့အတွက် အခုလို ဈေးတွေ ကျဆင်းသွားတာပါ။ လက်ရှိပေါက်ဈေးအနေနဲ့ ကြက်ဥတစ်လုံးဖိုးက စီးကရက်တစ်လိပ်စာပဲ ရှိပါတယ်။ ဒါကြောင့် ဈေးနှုန်းလည်း ချိုသာတဲ့ စားသောက်ကုန်ဖြစ်တဲ့အပြင် အဟာရဓာတ်ပြည့်ဝပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေတဲ့ ကြက်ဥကို ရွေးချယ်စားသုံးကြဖို့ တိုက်တွန်းလိုပါတယ်။ ကြက်ဥကို ပြည်တွင်းစားသုံးမှု မြင့်မားလာမှ ထုတ်လုပ်မှုတွေ ဖွံ့ဖြိုးတိုးတက်လာပြီး ကြက်ဥမွေးမြူရေးကဏ္ဍကနေ ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိလာမှာ ဖြစ်ပါတယ် ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကြက်ဥထုတ်လုပ်ရန် ဥစားကြက်အကောင်ရေ ၂၅ သိန်းခန့် မွေးမြူထားပြီး အသားစားကြက်မွေးမြူရေးကဏ္ဍအတွက် ကြက်အကောင်ရေ ၃၅ သိန်းကျော် မွေးမြူထားရှိကာ ကြက်သား ပေါက်ဈေးအနေဖြင့် လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ လက်ကားဈေးတစ်ပိဿာလျှင် ၂၇၀၀ ကျပ်နှုန်းဖြင့် ဖြန့်ချိရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


