ကြက်သွန်နီဈေးနှုန်းသည်  ယခင်နှစ် ကာလတူ၏ ထက်ဝက်ဝန်းကျင်သာရှိနေဆဲ

ရန်ကုန် ၆ နိုဝင်ဘာ

နိုဝင်ဘာ ၆ ရက် ရန်ကုန်ဈေးကွက်အတွင်း ကြက်သွန်နီဆိပ်ဖြူအမျိုးအစား လက်ကား တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၈၀၀-၉၅၀-၉၅၀-၁၀၀၀ နှုန်းရှိပြီး ပွဲရုံအချို့တွင်မူ ကျပ် ၈၀၀-၉၂၅-၉၂၅-၉၅၀ နှုန်းဖြင့် ရောင်းချနေသည်ဟု ရေတမာလမ်းအတွင်း ပွဲရုံအချို့မှ သိရသည်။

 

ယခင်နှစ်ကာလတူဖြစ်သော၂၀၁၉ နိုဝင်ဘာ ၆ ရက်တွင်မူ ကြက်သွန်နီ လက်ကား တစ်ပိဿာ ရောင်းဈေးမှာ ကျပ် ၁၃၀၀-၂၀၀၀-၂၂၀၀-၂၃၀၀ နှုန်းရှိခဲ့ကြောင်း ဈေးနှုန်းဟောင်းများမှ သိရသည်။

 

သို့ဖြစ်ရာ ယခုနှစ် နိုဝင်ဘာ ၆ ရက် ရန်ကုန်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းသည် ယခင်နှစ် ကာလတူ ဈေးနှုန်း၏ ထက်ဝက်အောက် ဈေးနည်းနေသေးသည်ဟု သိရသည်။

 

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခင်နှစ်ကဲ့သို့ ယင်းပြည်တွင်း စားသုံးရန်လိုအပ်ချက် များနေသေး သော်လည်း ကိုဗစ်ရောဂါ ဖြစ်ပွားနေမှုကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပိတ်နေရဆဲဖြစ်၍ မြန်မာနိုင်ငံမှ ကြက်သွန်နီများကို ကားလမ်းမှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးစခန်းအထိ တင်ပို့နိုင်သော် လည်း တစ်ဖက်နိုင်ငံသို့ တင်ပို့၍မရသေးဟု သိရသည်။

 

ပင်လယ်ရေကြောင်းခရီးဖြင့် တင်ပို့ရာတွင် လမ်းခရီးတွင် ရက်ကြာမြင့်ခြင်း၊ ကုန်သေတ္တာများဖြင့် တင်ပို့ရခြင်းများကြောင့် ကြက်သွန်အပျက်အစီးအချို့ရှိလာ၍ တင်ပို့မှုများပြားခြင်းမရှိဟု သိရသည်။

 

ရန်ကုန်ဈေးကွက်အတွင်း အောက်တိုဘာ ၂ ရက်က   ကြက်သွန်နီတစ်ပိဿာ လက်ကားဈေးနှုန်း ကျပ် ၈၀၀-၁၂၀၀-၁၂၅၀-၁၂၅၀ နှုန်းရှိရာမှ အောက်တိုဘာ ၁၇ ရက်တွင် ကျပ် ၇၀၀-၈၅၀-၉၅၀-၉၅၀ နှုန်းသို့ ဈေးကျလာသည်။ အောက်တိုဘာ ၂၃ ရက်က ကျပ် ၇၀၀-၈၀၀-၉၀၀-၉၀၀ နှုန်းသို့ ထပ်မံဈေးကျဆင်း လာပြီး နိုဝင်ဘာ ၄  ရက်က ကျပ် ၈၀၀-၉၇၅-၁၀၀၀-၁၀၀၀ နှုန်းသို့ ဈေးပြန်လည်မြင့်တက်လာသည်။

 

ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ နေ့စဉ်ပျှမ်းမျှပိဿာချိန်  (၁၅၀၀၀၀) ဝန်းကျင် ဝင်ရောက်သော်လည်း ယခုလပိုင်းတွင် ပျှမ်းမျှ တစ်ရက်လျှင် ပိဿာချိန် (၁၀၀၀၀၀)ဝန်းကျင်သာ ဝင်ရောက်မှုရှိသည်ဟု ဈေးကွက်မှ  သိရသည်။

 

အလားတူ ပခုက္ကူဈေးကွက်အတွင်း အောက်တိုဘာ ၂၇ ရက်တွင် တစ်ပိဿာ အမြင့်ဆုံးဈေးအဖြစ် ၇၄၅ ကျပ်၊ အောက်တိုဘာ ၂၉ ရက်တွင် ကျပ် ၈၀၀ နှုန်း၊ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ၈၇၅ ကျပ်နှုန်း၊ နိုဝင်ဘာ ၅ ရက်တွင် ကျပ် ၈၀၀ နှုန်း အသီးသီးရှိခဲ့ပြီး နိုဝင်ဘာ ၆ ရက်တွင်မူ ယောစ(၇၇၅)ကျပ်၊ ပုလဲစ(၇၂၅)ကျပ်နှုန်းသာရှိသည်ဟု ယင်းနယ်ဈေးကွက် ဈေးနှုန်းသတင်းများအရ  သိရသည်။

 

ရန်ကုန်လက်လီဈေးကွက်အတွင်း တစ်ပိဿာ ကျပ် (၁၄၀၀)နှုန်းဖြင့် ယခင်လအတွင်း ဝယ်ယူခဲ့ရသော်လည်း ယခုရက်ပိုင်းတွင် ကျပ် (၁၂၀၀)ဖြင့် ဝယ်ယူရသည်ဟု ပုဇွန်တောင်မြို့နယ်နေ အိမ်ရှင်မတစ်ဦးက ဆိုသည်။

 

၂၀၂၀ နှစ်ထွက် နွေကြက်သွန်သည်အထွက်များပြီး ပြည်တွင်းဈေးကွက်တွင်သာ အဓိကထားရောင်းချ နေရသဖြင့် ဈေးနှုန်းမြင့်တက်လာမှု နည်းနေဆဲဖြစ်သည်။

 

အနောက်ဘက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်လာပါက ပြည်တွင်းကြက်သွန်နီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပိုနိုင်မည်ဖြစ်ရာ ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းမြင့်တက်လာနိုင်သည်ဟု နယ်ကြက်သွန်နီလုပ်ငန်းလုပ်ကိုင်သူများက မျှော်လင့်ပြောဆိုနေသည်ဟု သိရသည်။ မိုးစိုက်ကြက်သွန်နီ အသစ်များသည် ပုံမှန်အားဖြင့်  ဒီဇင်ဘာလအတွင်း  ရန်ကုန်ဈေးကွက်သို့  ဝင်ရောက်မှုရှိသည်။ အနောက်ဘက်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်ဖွင့်နိုင်မှုအလားအလာပေါ် မူတည်၍ ပြည်တွင်း ကြက်သွန်နီဈေးကွက်တွင် ဈေးနှုန်းမြင့်တက်လာနိုင်မှုကို ကြက်သွန်နီလက်ဝယ်ရှိသူများ အနေဖြင့် မျှော်လင့်မှုရှိနေကြသည်ဟု  သိရသည်။

ခင်ဆိုင်