ကြက်သွန်နီဈေးများကျဆင်းမှုကြောင့် ကြက်သွန်စိုက်တောင်သူများနှင့် ကုန်သည်များအရှုံးပေါ်

မန္တလေး  ၂  မတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရုတ်နိုင်ငံ အရောင်းဝယ်ရပ်သွားသောကြောင့် မြန်မာ့ကြက်သွန်နီဈေးကွက်များ ကျဆင်းကာ ကြက်သွန်စိုက်တောင်သူများနှင့် ကုန်သည်များ အရှုံးပေါ်နေကြောင်း သိရသည်။

 

ဈေးနှုန်းကျဆင်းသွားတာကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်ရပ်တာ ပါပါတယ်။ နွေကြက်သွန်တွေက မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ နွေကြက်သွန်တွေ ပေါ်လာတာရယ်၊ တောင်သူတွေက ရောင်းလိုအားနဲ့ ဝယ်လိုအားမှာ ရောင်းလိုအားများနေသည့်အတွက် ဈေးကွက်တွေက ကျဆင်းလာတယ်။ နောက်တစ်ခုက အခုလပိုင်းမှာ တရုတ်ဝယ်လက်တွေက တရုတ်နိုင်ငံ ဝူဟန်အခြေအနေကြောင့် တင်ပို့လို့မရဘူး ဖြစ်နေတယ်ဟု ရွှေမန်းလှ ကြက်သွန်ပွဲရုံမှ ဦးဝင်းမြင့်က ပြောသည်။

 

မန္တလေးသို့ ကြက်သွန်နီ အများဆုံးတင်ပို့သောဒေသများမှာ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်ဖြစ်ပြီး မြစ်သားမျိုးမှန်ကြက်သွန်နှင့် မျိုးမှားကြက်သွန်ဟူ၍ အမျိုးအစား နှစ်မျိုးရှိကာ ကြက်သွန်နီကို စနစ်တကျ စိုက်ပျိုးလျှင် တစ်ဧက ပိဿာချိန် ၃၀ဝ၀ မှ ပိဿာ ၄၀ဝ၀ ထိ ထွက်နိုင်သောကြောင့် စိုက်ပျိုးသူများပြားကြောင်း သိရသည်။

 

မြန်မာ့ကြက်သွန်ဈေးကွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အဝယ်ရပ်သွားတဲ့အတွက် အဓိကဆိုးကျိုးကတော့ ကုန်သည်တွေနဲ့ တောင်သူတွေပေါ့။ သုံးလပိုင်းကို ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်ဝယ်မယ်ဆိုပြီးတော့ မတူးဖော်ရသေးတဲ့ မြေကြီးထဲက ကြက်သွန်တွေကို ပြီးခဲ့တဲ့ ၁ လ ၂ လလောက်ကတည်းက ငွေကျပ် ၁၀ဝ၀၊ ၁၂၀ဝ၊ ၁၃၀ဝ၊ ၁၅၀ဝ တွေပေးပြီး ခရိုင် ၃ ခုရယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမှာရော အင်နဲ့အားနဲ့ ဝယ်ထားတယ်တဲ့ ကုန်သည်ပွဲစား အများစုကလည်း စရံအဆုံးခံပြီး ဖျက်လိုက်တယ်။  လက်ရှိဈေးက ၅၀ဝ၊ ၆၀ဝ ဖြစ်သွားတော့ စရံနဲ့ မကာမိအောင် တောင်သူတွေက ဆုံးရှုံးနစ်နာသွားတယ်။ မုံရွာ၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ကူမဲမှာရော အဲဒီက ဒေသခံ တောင်သူများက ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်ရပ်သွားတဲ့အတွက် တော်တော်အထိနာသွားတယ် ဟု ဦးဝင်းမြင့်မှ ဆက်လက် ပြောပြသည်။

 

မန္တလေးမြို့တွင် မြစ်သားမျိုးမှန် ကြက်သွန်နှင့် မျိုးမှားကြက်သွန်ဟူ၍ နှစ်မျိုးရှိရာ ယခုလက်ရှိ အကောင်းဆုံး မြစ်သားမျိုးမှန် ကြက်သွန် တစ်ပိဿာလျှင် ငွေကျပ် ၈၅၀ မှ ၉၀ဝ ထိရှိကြောင်းနှင့် အကောင်းဆုံး မျိုးမှားကြက်သွန် တစ်ပိဿာလျှင် ငွေကျပ် ၅၀ဝ မှ ၆၀ဝ ထိ ရောင်းချနေကြောင်း သိရသည်။

ထိပ်ထားနိုင်(ပြန်/ဆက်)