ကြက်သွန်အဟောင်းများ အထားမခံချိန်ဖြစ်သဖြင့် ဈေးလျှော့ရောင်းချနေရ

မြင်းခြံ၊  ၁၈  ဒီဇင်ဘာ

 

ကြက်သွန် အဟောင်းများ အထားမခံချိန်ဖြစ်ပြီး ကြက်သွန်အသစ်များပေါ်ချိန်ဖြစ်သဖြင့် အဟောင်းများကို ဈေးလျှော့ရောင်းချ နေရကြောင်း ကုန်သည်များထံမှ သိရသည်။

 

"ကြက်သွန်အဟောင်းက အထားမခံတော့ဘူး။ ရာသီကုန်သွားပြီ။ မိုးကြက်သွန်တွေ ပေါ်လာပြီ။ ဒီတော့ အဟောင်းတွေက ဈေးအေးကုန်တယ်။ အသစ်တွေက ပိုအရောင်းသွက်နေတာပေါ့။ အဟောင်းတွေက ဉတွေကနေ အညှောင့်တွေထွက် အပင်ကွဲထွက်လာတယ်။ အဲ့ဒီတော့ အထားလည်း မခံတော့ဘူး။ နိုင်ငံခြားကိုလည်း တင်ပို့လို့က မရတော့ဘူးလေ။ သယ်ယူတဲ့အခါကျတော့လည်း အမြိတ်တွေ ထွက်နေတဲ့ အခါကျတော့ ပျော့ကုန်တာပေါ့။ ဆုံးရှုံးမှုများတာပေါ့။ ဒါ့ကြောင့် လူတွေက သိပ်မသုံးချင် ကြတော့ဘူး။" ဟု မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ ကျေးရွာမှ ကြက်သွန်စီးပွားဖြစ် စိုက်ပျိုးသူ ဦးဝင်းမြင့်ဌေးက ပြောသည်။

 

ယခုကာလသည် အောက်တိုဘာလပိုင်းက စတင်စိုက်ပျိုးခဲ့သည့် မိုးကြက်သွန် ((ဉစိုက်၊ ပင်ထောင်) များ ပေါ်ချိန်ဖြစ်ပြီး၊ ဒီဇင်ဘာလကုန် ဇန်နဝါရီလဆန်းတွင် ကြက်သွန်စိုက်ပျိုးရာသီသို့ ပြန်လည် ရောက်ရှိ တော့မည် ဖြစ်သည်။

 

"ဈေးကွက်ကတော့ သိပ်မထူးခြားပေမယ့် ကိုဗစ်ကြောင့်မို့လို့ သယ်ယူစရိတ်မြင့်တက်တယ်။ ရွာတွေကနေ မြင်းခြံမြို့ပေါ်၊ မြင်းခြံကနေမှ ပွဲစားတွေဆီ၊ ပြီးတော့ ပွဲရုံတွေရောက်၊ ပွဲရုံတွေကနေမှ ရန်ကုန်ပို့၊ ရန်ကုန်ကနေမှ မော်လမြိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတွေအထိ အဆင့်ဆင့်တွေ တင်ပို့ရာမှာ ကုန်ကျစရိတ်တွေ ပိုများလာတယ်။"ဟု မြင်းခြံမြို့မှ ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။

 

တောင်သူ - ဒိုင်သွင်းဈေး အနေဖြင့် နွေကြက်သွန် တစ်ပိဿာလျှင် (၂၀ဝ) (၂၅၀) (၃၅၀) အထိ ဈေးနှုန်းများ ကျဆင်းနေပြီး၊ မိုးကြက်သွန် တစ်ပိဿာလျှင် (၆၀ဝ) (၇၅၀) (၈၀ဝ) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

 

နန်းထက်ထက်ချစ်