ကက်ရှမီးယားတွင် မော်တော်ယာဉ်တစ်စီး ချောက်နက်ထဲ ထိုးကျမှုဖြစ်ပွား ၃၁ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

၁ ဇူလိုင်

 

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိ တောင်ထူထပ်သောလမ်းတွင် ယနေ့မနက်ပိုင်းက ဘတ်စ်ကားတစ်စီး လမ်းချော်ကာ ချောက်နက်ထဲသို့ ထိုးကျခဲ့သဖြင့် ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲအဖွဲ့က ပြောကြားခဲ့သည်။

 

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားနွေရာသီ မြို့တော်၊ Srinagar မြို့တောင်ဘက် ၂၁၀ ကီလိုမီတာအကွာ ကီရှဝါလ်ခရိုင်ရှိ ကက်ရှ်ဝမ် ကျေးရွာအနီးတွင် ထိုယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

မီနီ-ဘတ်စ် တစ်စီး လမ်းချော်ကာ ချောက်နက်ထဲထိုးကျသဖြင့် ၃၁ ဦးသေဆုံးခဲ့ပြီး အခြားသော ၁၅ ဦး ဒဏ်ရာရရှိခဲ့သည့် ဝမ်းနည်းစရာကောင်းသော မတော်တဆမှု ယနေ့ဖြစ်ပွားခဲ့သည်ဟု ထာကရာအီ ရှိ ရဲအရာရှိတစ်ဦး က သတင်းထောက်များကို ဖုန်းပြောဆိုခဲ့သည်။ ၎င်းချောက်နက်ထဲမှ အလောင်းများကို ပြန်ထုတ်ယူပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထိခိုက်ခံစားရသူများမှာ ခရိုင်အတွင်း မီနီ-ဘတ်စ် ဖြင့် ခရီးသွားလာနေကြသော ဒေသခံများ ဖြစ်ကြသည်။ 

 

၎င်းဒဏ်ရာရသူအချို့မှာ အသည်းအသန်အခြေအနေ ဖြစ်သောကြောင့် သေဆုံးသူဦးရေ များပြားလာဖွယ်ရှိသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို