ကြက်ညှာချောင်းဆိုးရောဂါ ဘယ်လိုကာကွယ်မလဲ

နေပြည်တော် ၂၄ မတ်

မွေးကင်းစနှင့် ကလေး ကျန်းမာဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်ပွားပါက ဖြစ်တတ်သော လက္ခဏာတွေနဲ့ ဘယ်လိုကူးစက်နိုင်ပြီး ဘယ်လိုကာကွယ်နိုင်တယ်ဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးထားပါသည်။

 ကြက်ညှာချောင်းဆိုးရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ တစ်မျိုးဖြစ်ပါသည်။ 

ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားပြီး နှာချေခြင်းနှင့် ချောင်းဆိုးခြင်းတို့မှတဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်သည်။ 

တစ်နှစ်အောက် ကလေးငယ်များနှင့် ငယ်ရွယ်သော ကလေးငယ်များအနေဖြင့် ကူးစက်ခံရမှု အများဆုံးဖြစ်ပြီး ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားခြင်းနှင့် အသက်ဆုံးရှုံးခြင်းများ ဖြစ်နိုင်ပါသည်။

 ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်ပွားသော ကလေးသည် ကနဦးရောဂါလက္ခဏာများအဖြစ်

  • နှာရည်ယိုခြင်း၊ နှာချေခြင်း၊
  • မျက်ရည်ယိုခြင်း 
  • အဖျားရှိခြင်း
  • ချောင်းအနည်းငယ်ဆိုးခြင်း စသည်တို့ ဖြစ်ပွားနိုင်ပါသည်။
  • ချောင်းဆိုခြင်းသည် တဖြည်းဖြည်း ပိုမိုဆိုးရွားလာပြီး နောက်အကြိမ်များစွာ အဆက်မပြတ် ပြင်းထန်လာပါမည်။ နေ့ည ချောင်းဆိုးလွန်း၍ အအိပ်အနေခက်မည်။ အဆက်မပြတ် ပြင်းထန်စွာချောင်းဆိုးခြင်းရပ်နားချိန်တွင် စူးရှသော ဆွဲငင်သံဖြင့် ကြက်သွန်သံ သဖွယ်မြည်လျက် အသက်ရှူသွင်းပါသည်။
  • အဆက်မပြတ် ပြင်းထန်ကြာရှည်စွာ ချောင်းဆိုးခြင်းကြောင့် အောက်ဆီဂျင် လုံလောက်စွာ မရရှိသဖြင့် ကလေးငယ်သည် ပြာနှမ်းလာမည်။ မရပ်မနား ချောင်းရှည်ရှည်ဆိုးပြီးနောက် အော့အန်ပြီး ပင်ပန်းနွမ်းနွယ်နေပါမည်။ အထူးသဖြင့် ညအချိန်တွင် မကြာခဏ ဖြစ်ပွားတတ်ပါသည်။

 ကြက်ညှာချောင်းဆိုးရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ ဘီ၊ Hib ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent vaccine) ဖြင့် ကာကွယ်နိုင်ပါသည်။ ငါးမျိုးစပ်ကာကွယ်ဆေးကို ကလေးအသက် (၂)လ၊ (၄)လ၊ (၆)လ အရွယ်တွင် ဘယ်ဘက်ပေါင် အလယ်ပိုင်းအရှေ့ဘက်ကြွက်သားထဲသို့ (၃)ကြိမ် ထိုးနှံပေးပါသည်။

 ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့်  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

 

MDN