ကြက်မွေးမြူရေးတွင် ရင်ဆိုင်ကြုံတွေ့ရသော အပူဒဏ်ပြဿနာနှင့် စီမံခန့်ခွဲမှုနည်းလမ်းများ

ကြက်မွေးမြူရေးလုပ်ငန်းတွင် အပူဒဏ်ကြောင့် တိုက်ရိုက်(ကြက်သေဆုံးခြင်း) သော်လည်းကောင်း၊ သွယ်ဝိုက် (အသားတိုးနှုန်း၊ ဥနှုန်းကျဆင်း ခြင်း) ၍သော်လည်းကောင်း စီးပွားရေးအရ ဆုံးရှုံးမှုဖြစ်‌ပေါ်လျက်ရှိပါသည်။ ထိုသို့ဆုံးရှုံးမှုများမှ ကာကွယ်နိုင်ရန်အတွက် မွေးမြူသူများအနေဖြင့်  ကြက်မွေးမြူရေးနှင့် အပူဒဏ်ပြဿနာအကြောင်းကို သိရှိနားလည်ပြီး လိုအပ်သော စီမံခန့်ခွဲမှုများကို အလျင်အမြန်လုပ်ဆောင်ရန် လိုအပ်ပါသည်။

 

အပူဒဏ်ဆိုတာဘာလဲ

 

ကြက်များသည် လူများကဲ့သို့ပင် သွေးနွေးသတ္တဝါအုပ်စုတွင်ပါဝင်ပြီး အေးလွန်း ခြင်း၊ ပူလွန်းခြင်းဒဏ်များကို ခံနိုင်ရည်မရှိပါ။ သုတေသနပညာရှင်များ၏ တွေ့ရှိချက်အရ ကြက်အတွက် သက်သောင့်သက်သာ ဖြစ်စေ သည့် ပြင်ပပတ်ဝန်းကျင်အပူချိန်မှာ အသက် အရွယ်၊ မိဘမျိုးရိုးနှင့် ကြက်အမျိုးအစား ပေါ်လိုက်ပြီး အနည်းငယ်ကွာခြားမှု ရှိသော် လည်း ယေဘုယျအားဖြင့် ၁၈ HC မှ  ၃၆  HC အတွင်းရှိပါသည်။ ထုတ်လုပ်မှုကောင်းစေရန် အလို့ငှာ   ဥစားကြက်များအတွက်   ပြင်ပ ပတ်ဝန်းကျင်အပူချိန် ၁၉ HC မှ ၂၂ HC အတွင်း ရှိရန် လိုအပ်ပြီး ကြီးထွားနှုန်း ကောင်းသော အသားစားကြက်များအတွက် ၁၈  HCမှ ၂၂ HC  အတွင်းရှိရန် လိုအပ်ပါသည်။

 

ကြက်များ၏ခန္ဓာကိုယ်တွင် နည်းလမ်း သုံးမျိုးဖြင့်   အပူစွမ်းအင်များ   ရရှိစေနိုင်ပါသည်။ ယင်းနည်းလမ်းသုံးမျိုးမှာ အစာစား ပြီးအစာချေဖျက်ခြင်းနှင့် ခန္ဓာကိုယ်အတွင်း အခြားသော  ဇီဝကမ္မဖြစ်စဉ်များကြောင့် ထွက်ပေါ်ရရှိလာသည့် အပူစွမ်းအင် (heat gain from chemical source)၊ ကိုယ်လက် လှုပ်ရှားမှုများကြောင့် ထွက်ပေါ်ရရှိလာသည့် အပူစွမ်းအင် (heat gain from mechanical source) နှင့် ပြင်ပပတ်ဝန်းကျင်အပူချိန်သည် ကြက်၏ခန္ဓာကိုယ် အပူချိန်ထက် မြင့်နေ သည့် အ‌ခြေအနေမျိုးတွင် ပြင်ပမှအပူစွမ်းအင် များ စီးကူးရရှိလာသည့် အပူစွမ်းအင်ဟူ၍ ဖြစ်ပါသည်။

 

ကြက်များ၏ခန္ဓာကိုယ်အတွင်း ရရှိလာ သော အပူစွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပသို့ ပြန် လည် စွန့်ထုတ်ရပါသည်။  သာမန်အားဖြင့် ခန္ဓာကိုယ်မှအပူသည် ခန္ဓာကိုယ်နှင့် ထိစပ် လျက်ရှိသော အရာဝတ္ထုများ (ဥပမာ - ဖွဲခင်း) ဆီသို့ တိုက်ရိုက်လျှောက်ကူးသွားစေခြင်း၊ ကြားခံနယ်လေ၏ အကူအညီဖြင့် ပြင်ပအရာ ဝတ္ထုများ (ဥပမာ - အဆောက်အအုံ အမိုး၊ အကာများ) ဆီသို့  ဖြန့်ကူးသွားစေခြင်းနှင့် ပတ်ဝန်းကျင်လေထုထဲသို့ တိုက်ရိုက်စီးကူး သွားစေခြင်း  စသည့်နည်းလမ်းသုံးမျိုးဖြင့် ပြင်ပသို့ စွန့်ထုတ်ရပါသည်။ ခန္ဓာကိုယ်မှ ရရှိလာသောအပူကို ဖော်ပြပါနည်းလမ်းသုံးခု ဖြင့် စွန့်ထုတ်နိုင်ရန်မှာ ပတ်ဝန်းကျင်အပူချိန် သည် ကြက်၏ခန္ဓာကိုယ် အပူချိန်ထက်နိမ့်ပြီး ကြက်အတွက် သက်သောင့်သက်သာ ဖြစ်စေ သည့် အပူချိန်အတွင်း ရှိနေရပါမည်။ ပတ်ဝန်း ကျင်အပူချိန်သည်ကြက်အတွက်   သက်သောင့်သက်သာဖြစ်စေသည့်  အပူချိန်၏ အမြင့်ဆုံး (၃၆ HC) နားသို့  ရောက်ရှိနေလျှင် ခန္ဓာကိုယ်မှ ရရှိလာသောအပူကို ပါးစပ်ဟ၍  အသက်ရှူခြင်းနည်းဖြင့်  အဓိကစွန့်ထုတ်ရပါ သည်။  ထိုသို့ စွန့်ထုတ်နိုင်ရန်မှာ  ကြက်ခြံ အတွင်းရှိ  စိုထိုင်းဆအလွန်မြင့်မားနေခြင်း မရှိရန်လည်း လိုအပ်ပါသည်။  

 

ပြင်ပပတ်ဝန်းကျင်အပူချိန်သည်  ကြက်  အတွက် သက်သောင့်သက်သာ ဖြစ်စေသည့် အပူချိန်ထက်ကျော်လွန်နေပြီး  ကြက်ခြံ အတွင်းရှိ  စိုထိုင်းဆ မြင့်မားသောအခြေအနေ မျိုးတွင် ကြက်၏ခန္ဓာကိုယ်အတွင်း   ရရှိလာသောအပူစွမ်းအင်ကို   ဖော်ပြပါနည်းလမ်း များသုံး၍ လုံလောက်စွာမစွန့်ထုတ်နိုင်တော့ သဖြင့် ကြက်မှာအပူဒဏ်ကို  စတင်ခံစား ရပါသည်။

 

အပူဒဏ်ကိုတုံ့ပြန်သည့်ပြောင်းလဲမှု ဖြစ်စဉ်များ

 

အပူဒဏ်ခံစားရသည့်ကြက်များတွင် ပြင်ပ ပတ်ဝန်းကျင်အပူချိန်ကို လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် ခန္ဓာကိုယ်အတွင်းဇီဝကမ္မဖြစ်စဉ် များ ပြောင်းလဲခြင်းနှင့်  ပုံမှန်အပြုအမူများမှ သွေဖည်လာခြင်း စသည့်ပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လာပါသည်။ အသက်အရွယ်၊ မိဘမျိုးရိုး နှင့် ကြက်အမျိုးအစားပေါ်မူတည်ပြီး အပူဒဏ် ခံစားရမှု အနည်းအများကွာခြားနိုင်သော်လည်း အပူဒဏ်ကို တုံ့ပြန်သည့်ဖြစ်စဉ်များမှာ ယေဘုယျအားဖြင့် အတူတူပင်ဖြစ်သည်။

 

အပူဒဏ်ခံစားရသည့်ကြက်များတွင် ခန္ဓာ ကိုယ်အတွင်း  အရည်ဓာတ်များပုံမှန်မရှိခြင်း၊ ရေဓာတ်ဆုံးရှုံးမှုများလာပြီး  ဆုံးရှုံးသွားသော ရေများနှင့်အတူ  ကယ်လ်ဆီယမ်နှင့်  အခြား သော  သတ္တုဓာတ်များပါသွားခြင်း၊  ခန္ဓာကိုယ် တွင်း သွေးပမာဏနှင့်သွေးဆဲလ်များ  ပုံမှန် အခြေအနေမရှိခြင်း၊  သွေးထဲတွင် ကာဗွန်ဒိုင် အောက်ဆိုက်ပမာဏနှင့် ချဉ်ဖန်နှုန်း(pH) ပုံမှန် ထက် မြင့်တက်လာပြီး သွေးတွင်းကယ်လ်ဆီယံ ပမာဏ ပုံမှန်ထက်နည်းလာခြင်း၊ ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါများဆီသို့     သွေးစီးဆင်းမှု နည်းလာပြီး  အ‌ရေပြားများဆီသို့ သွေးစီးဆင်း မှုပိုများလာခြင်း (အပူဒဏ်ကြောင့် သေဆုံးသွား သည့် ကြက်များ၏အ‌ရေပြားအရောင် ညိုမည်း ရခြင်း၏   အဓိကအကြောင်းအရင်း)၊ ပုံမှန်ဇီဝ ကမ္မဖြစ်စဉ်များအတွက်  မရှိမဖြစ်  လိုအပ်သော ဟော်မုန်းများ  ပုံမှန်အခြေအနေတွင်မရှိခြင်း စသည့်ပြောင်းလဲမှုဖြစ်စဉ်များ   ကြုံတွေ့ရပါသည်။ ထို့အပြင် အပူဒဏ်ခံစားရသည့်အတွက် စားလိုက်သည့်အစာကို ကောင်းမွန်စွာ မ‌ချေဖျက် နိုင်သဖြင့်  ခန္ဓာကိုယ်အတွက်   လိုအပ်သော အာဟာရဓာတ်များနှင့်   စွမ်းအင်ဓာတ်များ လုံလောက်စွာ မရရှိ၍ အသားတိုးနှုန်း၊ ဥနှုန်းများ ကျဆင်းစေသည့်အပြင် ကိုယ်ခံစွမ်းအားကျဆင်း လာပြီး ပြင်ပရောဂါများအလွယ်တကူ ဝင်ရောက်နိုင်ပါသည်။

 

အပူဒဏ်ခံစားရသည့်ကြက်များတွင် အစာ စားနှုန်း ပုံမှန်ထက်သိသိသာသာ  ကျဆင်းခြင်း၊ အစာမှအသားသို့  ပြောင်းလဲနှုန်း    ညွှန်းကိန်း ပမာဏကျယ်ခြင်း၊ အသားတိုးနှုန်း သိသိသာသာ ကျဆင်းခြင်း၊ ရေသောက်နှုန်း ပုံမှန်ထက်များပြီး ပါးစပ်ဟ၍  အဆက်မပြတ်   အသက်ရှူခြင်း၊ မျက်လုံးကောင်းစွာမဖွင့်ဘဲ တောင်ပံဖြန့်၍ ခန္ဓာ ကိုယ်မှာ ကြမ်းပြင်နှင့် ကပ်နေခြင်း၊ လှုပ်ရှားသွား  လာမှုနည်းလာခြင်း၊        ရန်လိုစိတ်များပြီး တစ်ကောင်နှင့်တစ်ကောင် ထိုးဆိတ်ခြင်း၊ ပုံမှန် မဟုတ်သည့် ဝမ်းအရည်များ၊ အစာမကြေသည့် ဝမ်းများသွားခြင်း၊ ဥစားကြက်မများတွင်  ဥနှုန်း ကျဆင်းခြင်းနှင့် ပုံသဏ္ဌာန်မမှန်သည့်ဥများ (ဥခွံ ပျော့ခြင်း၊ ဥအရွယ်အစား ပုံမှန်ထက်သေးခြင်း စသည့်) ဥခြင်း၊ မျိုးကြက်များတွင် မျိုးအောင်နှုန်း ကျဆင်းခြင်း စသည့်ပြောင်းလဲမှု လက္ခဏာများ ကို လေ့လာတွေ့ရှိရပါသည်။

 

ထို့အပြင် အပူဒဏ်ခံစားရသည့် ကြက်များ တွင် အပူဒဏ်ကိုမခံနိုင်ဘဲ ရုတ်တရက် သေဆုံး ခြင်း၊ အပူဒဏ်ကြောင့် အခြားရောဂါများဝင်လာ ပြီး သေဆုံးခြင်း၊ ကြက်ဥဥနှုန်းနှင့်  ကြက်ဥ အရည်အသွေးမကောင်းခြင်း၊  အပူဒဏ်ကြာမြင့် စွာ ခံစားရသည့်ကြက်များ၏  အသားအရည် အသွေးမှာ မကောင်းမွန်သဖြင့် ဈေးကောင်းမရ ခြင်း စသည့်စီးပွားရေးအရ  ဆုံးရှုံးမှုပြဿနာများ ကိုလည်း ကြုံတွေ့ရပါသည်။

 

အပူဒဏ်ပြဿနာကို ကာကွယ်ဖြေရှင်းနိုင်မည့် စီမံခန့်ခွဲမှုနည်းလမ်းများ

 

အပူဒဏ်ပြဿနာကို ကာကွယ်ဖြေရှင်းနိုင် ရန် အဓိကအားဖြင့် စီမံခန့်ခွဲမှုနည်းလမ်း သုံးခု ရှိပါသည်။ ယင်းတို့မှာ (၁) မျိုးရိုးဗီဇရွေးချယ် မွေးမြူခြင်း၊ (၂) ကြက်အတွက်   သက်သောင့် သက်သာဖြစ်စေမည့်  ပတ်ဝန်းကျင်ကို   ပြုပြင် ဖန်တီးပေးခြင်းနှင့် (၃)  အစာနှင့် သောက်ရေ စီမံခန့်ခွဲခြင်းတို့ဖြစ်ပါသည်။

 

(၁) မျိုးရိုးဗီဇရွေးချယ်မွေးမြူခြင်း

 

သုတေသနပညာရှင်များအနေဖြင့် အသား တိုးနှုန်းမြန်ရုံသာမက အပူဒဏ်ခံနိုင်သည့် မျိုးရိုး ဗီဇများကို ရှာဖွေသုတေသနပြုပြီး မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ပါသည်။ ကြက်မွေးမြူသူများအနေဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ  မွေးမြူသူများ၏            မွေးမြူရေးလုပ်ငန်းအတွေ့အကြုံပေါ် အခြေခံ၍ မိမိဒေသပတ်ဝန်းကျင် ရာသီဥတုနှင့် လိုက်လျော ညီထွေဖြစ်စေမည့် ကြက်မျိုးကို ရွေးချယ်မွေးမြူရန် လိုအပ်ပါသည်။

 

(၂) ကြက်အတွက် သက်သောင့်သက်သာ ဖြစ်စေ မည့် ပတ်ဝန်းကျင်ကို ပြုပြင်ဖန်တီးပေးခြင်း

 

မွေးမြူသူများအနေဖြင့် ပြင်ပအပူချိန်သည် ကြက်အတွက်  သက်သောင့်သက်သာဖြစ်စေ မည့် အပူချိန်ထက်မြင့်နေသည့်အခြေအနေမျိုးတွင်  ခြံအတွင်းအပူချိန်   လျှော့ချနိုင်မည့် နည်းလမ်းများကို  လုပ်ဆောင်ပေးရပါမည်။ ထိုအခြေအနေမျိုးတွင် ကြက်ခြံအတွင်းစိုထိုင်းဆ အလွန်မများစေရန်လည်း  ဂရုစိုက်ရပါမည်။ အရိပ်နှင့် လေကောင်းလေသန့်  ရရှိစေသည့် အပင်များ   ကြက်ခြံအနီးစိုက်ပျိုးပေးခြင်း၊ ခြံအတွင်း  လေဝင်  လေထွက်ကောင်းအောင် ဖန်တီးပေးခြင်း၊ ပန်ကာများဖွင့်ပေးခြင်း၊ ကြက် ခြံအမိုးပေါ်ရေဖျန်းပေးခြင်း၊      ဖွဲခင်းအစို အဟောင်းများကို  အသစ်ဖြင့်လဲပေးခြင်း၊ ငှက်  ပျောရွက်များ ခြံအတွင်းခင်းပေးခြင်း၊ နေအပူရှိန် ကျရောက်သည့်  နေရာများတွင်  အရိပ်အမိုး  အကာများ  ပြုလုပ်ပေးခြင်း၊ ပူသောရာသီတွင် ခြံအတွင်းပုံမှန်မွေးမြူနိုင်သည့် အကောင်‌ရေ ထက်လျှော့၍မွေးမြူခြင်း၊ အစာခွက်ရေခွက်များ လုံလောက်စွာ/ လုံလောက်သည်ထက်တိုး၍ ထားပေးခြင်း၊ ရေတိုင်ကီနှင့် ရေအုတ်ကန်များကို အမိုးအကာ အောက်တွင်ထားခြင်း၊ အစာခွက်၊ ရေခွက်များကို ပုံမှန်ဆေး ကြောသန့်ရှင်းပေးခြင်း၊ နေ့ဖက်တွင်လိုက်ကာများဖွင့်၍    မီးချောင်း၊ မီးလုံးများ  ပိတ်ထားခြင်း  စသည့်ကြက်အတွက် အပူဒဏ်ကိုလျှော့ချပေးနိုင်မည့် နည်းလမ်းများ ကို လုပ်ဆောင်ပေးရပါမည်။  ခြံထဲတွင် ရေမှုန် ရေမွှားများဖျန်းပေးခြင်း၊   ယိုင်ကိုရေစွတ်၍ ခင်းပေးခြင်းတို့   လုပ်ဆောင်နိုင်သော်လည်း ယင်းနည်းလမ်းများမှာ ခြံအတွင်း စိုထိုင်းဆများ လာစေနိုင်သဖြင့်   ဂရုစိုက်၍  လုပ်ဆောင်သင့်ပါသည်။ ခြံထဲတွင်  လျှပ်စစ်မီးပျက်လျှင်သော်လည်းကောင်း၊ ပန်ကာများကောင်းမွန်စွာအလုပ် မလုပ်လျှင်သော်လည်းကောင်း၊ ရုတ်တရက် အပူချိန်နှင့် စိုထိုင်းဆတက်လာလျှင်သော်လည်းကောင်း အလွယ်တကူသိရှိနိုင်စေရန် အပူချိန်နှင့် စိုထိုင်းဆတိုင်းကိရိယာများနှင့် အလိုအလျောက် သတိပေးစနစ်များ (Automatic alarm system) တပ်ဆင်ထားရန် လိုအပ်ပါသည်။

 

(၃) အစာနှင့်သောက်ရေ စီမံခန့်ခွဲခြင်း

 

အပူဒဏ်ခံစားရသောကြက်များတွင် အစာ စားနှုန်းကျခြင်း၊   ရေဓာတ်ဆုံးရှုံးမှုများခြင်း စသည့်အချက်များကြောင့်  အသားတိုးနှုန်း၊ ဥနှုန်းများကို များစွာထိခိုက်စေပါသည်။  သို့ဖြစ် ၍ အပူဒဏ်ခံစားနေရသည့်အချိန်တွင် ကြက် အတွက် အပူဒဏ်လျှော့ချပေးနိုင်ရန် အစာနှင့် သောက်ရေကို    ပုံမှန်အခြေအနေထက်ပိုပြီး စနစ်တကျစီမံခန့်ခွဲမှု လုပ်ဆောင်ပေးရပါမည်။

 

ပြင်ပပတ်ဝန်းကျင်အပူချိန်သည်  ကြက်အတွက် သက်သောင့်သက်သာဖြစ်စေသည့် အပူချိန်ထက်မြင့်လာသည့်အခါ အစာချေဖျက် ခြင်းမှ ခန္ဓာကိုယ်အတွင်းထွက်လာသော  အပူ ကို ပြင်ပသို့ကောင်းစွာ  မစွန့်ထုတ်နိုင် သဖြင့် အစာစားနှုန်း   ကျဆင်းလာပါသည်။   ကြက် ၏အစာတွင်ယေဘုယျအားဖြင့် အသားဓာတ်၊ ကစီဓာတ်နှင့် အဆီဓာတ်ဟူ၍အဓိကအာဟာ ရ ဓာတ်သုံးမျိုး  ပါရှိပါသည် (သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်များမှာ အစာစပ်သည့် အ‌ပေါ် မူတည်၍ ပါဝင်မှုကွာခြားနိုင်ပါသည်)။  ယင်း အာဟာရဓာတ်သုံးမျိုးတွင် အသားဓာတ်ကို ချေဖျက်ခြင်းမှထွက်လာသော အပူမှာ အများ ဆုံးဖြစ်ပြီး  အဆီဓာတ်ကို ချေဖျက်ခြင်းမှ ထွက်လာသောအပူမှာ    အနည်းဆုံးဖြစ်ပါ သည်။  အသားဓာတ်ကို   ချေဖျက်ခြင်းဖြင့်   ခန္ဓာကိုယ်ကြီးထွားရန်အတွက် အရေးပါသော အမိုင်နိုအက်စစ်များကိုခန္ဓာကိုယ်မှ ပြန်လည် စုပ်ယူရရှိစေပြီး ကစီဓာတ်နှင့် အဆီဓာတ် တို့ကို  ချေဖျက်ခြင်းဖြင့်  ခန္ဓာကိုယ်တွင်း ဇီဝ ကမ္မဖြစ်စဉ်များနှင့်  လှုပ်ရှားမှုများအတွက် လိုအပ်သော စွမ်းအင်ဓာတ်ကို ခန္ဓာကိုယ်မှ ပြန်လည်ရရှိစေပါသည်။ အပူဒဏ်ခံစားရချိန် တွင်  ပါးစပ်ဟပြီး  အသက်ရှူရသည့်အတွက် ကြက်၏ခန္ဓာကိုယ်မှ စွမ်းအင်ဓာတ်များဆုံးရှုံး စေပါသည်။

 

သို့ဖြစ်၍  အပူချိန်မြင့်မားသည့် ရာသီ မျိုးတွင် အသားဓာတ်ပါဝင်မှု ပုံမှန်ထက် ၁- ၂ ရာခိုင်နှုန်းလျှော့ပြီး စွမ်းအင်ဓာတ်ပါဝင်မှုပုံမှန် ထက်များသည့် အစာကို  ကျွေးသင့်ပါသည်။ ကြက်အတွက် လိုအပ်သောအမိုင်နိုအက်စစ် များ  လုံလောက်စွာ   ရရှိနိုင်စေရန်အတွက်  လိုင်စင်း၊ မီသီအိုနင်း စသည့်ကြက်၏ ခန္ဓာ ကိုယ်မှ အဆင်သင့်အသုံးပြုနိုင်သော   အမိုင်နို အက်စစ်များကို ပုံမှန်ထက် ၅-၁၀  ရာခိုင်နှုန်း တိုးပြီး ကြက်စာတွင် ထည့်ပေးရပါမည်။ စွမ်းအင်ဓာတ်ရရှိစေရန်အတွက်မူ ကစီဓာတ် ထက် အဆီဓာတ်ကို ပုံမှန်ထက် ၅ ရာခိုင်နှုန်း တိုးပြီး   ကြက်စာတွင်  ထည့်ပေးရပါမည်။  သို့မှသာ   အစားစာနှုန်း ကျဆင်းသော်လည်း ကြက်အတွက် လိုအပ်သော အမိုင်နိုအက်စစ် နှင့် စွမ်းအင်ဓာတ်များ လုံလောက်စွာ    ရရှိစေ မည် ဖြစ်ပါသည်။

 

အပူဒဏ်  ခံစားနေရသည့်အချိန်တွင် အစာတောင့်ပုံစံကိုကျွေးခြင်းသည် အခြား သော အစာပုံစံများ (အမှုန့်စသည်)    ထက် အပူဒဏ်ကိုသက်သာစေပါသည်။   အစာတောင့်ပုံစံကို  ကျွေးခြင်းဖြင့်    ကြက်အတွက် အစာစားဖို့   လှုပ်ရှားရချိန်ပိုနည်းစေကာ အခြားသော  အစာပုံစံများထက် ကြက်၏ ခန္ဓာကိုယ်မှ

 

လှုပ်ရှားမှုကြောင့် ထွက်လာသော အပူနည်းစေပြီး     အပူဒဏ်သက်သာစေပါသည်။  အစာကျွေးသည့်အချိန်ကိုလည်း အပူချိန်မြင့်သည့် နေ့ခင်းပိုင်းတွင် အစာကျွေးခြင်းထက် အပူချိန်နည်းသည့် မနက်အစောပိုင်း၊ ညနေပိုင်းနှင့်  ညပိုင်းတို့တွင်    ပြောင်းလဲကျွေးသင့်ပါသည်။ 

 

အပူချိန်မြင့်သည့်  အချိန်တွင်   အစာစားဖို့လှုပ်ရှားခြင်းမှ ခန္ဓာကိုယ်  အတွင်း အပူထွက်လာသလို စားလိုက်သည့် အစာကို ချေဖျက်ခြင်း မှလည်း  အပူထွက်လာစေသဖြင့် ကြက်အတွက်  အပူဒဏ်ကို ပိုမိုခံစားရစေပါသည်။ သို့ဖြစ်ပါ၍ ပူပြင်းသည့် ရာသီတွင် အပူချိန်စတင်မြင့်မား စပြုလာသည့် နံနက် ၁၀ နာရီ ဝန်းကျင်မှ အပူချိန်ကျဆင်းစပြုသည့် ညနေ ၅ နာရီဝန်းကျင်အထိ ကြက်ကို အစာမကျွေးဘဲ  အစာဖြတ်ထားသင့်ပါသည်။

 

ရေသည်တိရစ္ဆာန်များအတွက် ခန္ဓာကိုယ်အတွင်း အပူချိန်ထိန်းညှိပေး ခြင်း၊  အစာချေဖျက်ခြင်း၊ အာဟာရဓာတ်များကို စုပ်ယူ ခြင်းနှင့်   ခန္ဓာကိုယ် အနှံ့ပို့ဆောင်ပေးခြင်း စသည့်လုပ်ငန်းစဉ်များ  လုပ်ဆောင်ပေးသဖြင့် ခန္ဓာ ကိုယ်အတွက်  မရှိမဖြစ် လိုအပ်ပါသည်။ သုတေသနပညာရှင်များ၏ လေ့လာ တွေ့ရှိချက်အရ   အပူဒဏ်ခံစားရချိန်တွင် အသားစား ကြက်များ၏ ရေ‌သောက် နှုန်းမှာ ပုံမှန်ထက် နှစ်ဆမှလေးဆအထိရှိပါသည်။ ယေဘုယျအားဖြင့်   ပြင်ပပတ်ဝန်းကျင် အပူချိန်သည် (၂၁ HC) ထက် (၁ HC) မြင့်တိုင်း   ကြက်၏ ရေသောက်နှုန်းမှာ ပုံမှန်ထက် ၇ ရာခိုင်နှုန်း  တိုးလာပါသည်။  သို့ဖြစ်၍  အပူဒဏ်ခံစားရချိန်တွင် ကြက်အတွက် သောက်ရေကို လုံလုံလောက်လောက် ရရှိစေရန်ဆောင်ရွက် ပေးရပါမည်။   ထို့အပြင်    ကြက်အတွက်  အသုံးပြု သည့်သောက်ရေမှာ အေးမြပြီးသန့်ရှင်းမှုရှိရပါမည်။

 

အပူဒဏ်ခံစားရချိန်တွင် အစာစားနှုန်းကျ၍ အစာတွင်  ပါဝင်သော ဗီတာမင်နှင့် သတ္တုဓာတ်များ လုံလောက်စွာမရရှိသဖြင့် ဗီတာမင်နှင့်သတ္တု ဓာတ်ချို့တဲ့မှုများ  ဖြစ်ပေါ်နိုင်ပါသည်။ ထို့အပြင် ဆုံးရှုံးသွားသောရေဓာတ် များနှင့်အတူ သတ္တုဓာတ်များပါဝင်သွားစေသဖြင့် သောက်ရေထဲတွင် ဗီတာမင်၊ ဆား (အီလက်ထရိုလိုက်) နှင့်   သတ္တုဓာတ်များ ထည့်ပေးခြင်းသည် ကြက်အတွက်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်များကို ပြန်လည် ရရှိစေသလို  ခန္ဓာကိုယ်အတွင်း အရည်ဓာတ်များပုံမှန်မျှခြေအတွင်း ထိန်းထားပေး စေပါသည်။ သုတေသနပညာရှင်များ၏ လေ့လာ တွေ့ရှိချက်အရ  ရာသီဥတု ပူပြင်းချိန်တွင် ကြက်၏   သောက်ရေထဲ ပိုတက်ဆီယမ် ကလိုရိုက်၊ ဆိုဒီ ယမ်ကလိုရိုက်၊ အမိုနီယမ်ကလိုရိုက်၊  ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်၊ ကယ်ဆီယမ်နှင့် အခြားသော  သတ္တုဓာတ်များ၊ ဗီတာမင်စီနှင့် အခြား‌သော  ဗီတာမင်ဓာတ် များ ဖြည့်စွက်တိုက်ကျွေးခြင်းဖြင့်   ရေသောက်နှုန်း  ပိုမိုကောင်းမွန်စေပြီး အပူဒဏ်သက်သာစေကာ အသားတိုးနှုန်း၊ ဥနှုန်းနှင့်  ကြက်ဥအရည်အသွေးများ ကောင်းမွန်လာစေပါသည်။

 

အချုပ်အားဖြင့်ဆိုသော် ကြက်မွေးမြူသူများအနေဖြင့် ကြက်မွေးမြူရေး လုပ်ငန်းတွင် ရင်ဆိုင်ကြုံတွေရသော အပူဒဏ်ပြဿနာ  အကြောင်းကို ကောင်းစွာသိရှိနားလည်ပြီး အပူဒဏ်သက်သာစေရန် လိုအပ်သည့်စီမံခန့်ခွဲ မှုလုပ်ငန်းစဉ်များကို အချိန်မီလုပ်ဆောင်ပေးခြင်းဖြင့်  အပူဒဏ်ကြောင့် စီးပွားရေးအရဆုံးရှုံးမှုများမှ ထိရောက်စွာကာကွယ်တားဆီးနိုင်မည် ဖြစ်ပါ သည်။     ။

 

ဒေါက်တာထက်လင်းဦး (ကထိက) မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်