ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး အကျဉ်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုစစ်ဆေး

 

 

မြစ်ကြီးနား သြဂုတ် ၃

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသ‌ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်‌ ဆောင်ရွက်နိုင်ရေးအတွက် သြဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ အလေးထားလိုက်နာ ဆောင်ရွက်ရမည့် လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး တိုင်းမှူးက တပ်မတော်အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အပြည့်အဝပါဝင်ကူညီ ဆောင်ရွက်နေမှုများ၊ အောက်ဆီဂျင်လိုအပ်ချက်အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများနှင့် ကာကွယ်ဆေး ထိုးနှံပေးရေးကိုလည်း ကျန်းမာရေးဝန်ထမ်းများ လိုအပ်ချက်ရှိသည့် မြို့နယ်များတွင် တပ်မတော်မှ အားဖြည့်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အစိုးရအဖွဲ့နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများနှင့် ပြည်နယ်ကော်မတီမှ ခရိုင်၊ မြို့နယ်များအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင် (၄)ခရိုင်မှ ခရိုင်ကော်မတီဥက္ကဋ္ဌများ ခရိုင်များအလိုက် ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများ၊ ကိုဗစ်-၁၉ အတည်ပြုလူနာ အဆောင်များနှင့် Quarantine Centre များ တိုးချဲ့ဆောင်ရွက်ထားရှိမှု၊ အောက်စီဂျင်လိုအပ်ချက်၊ စေတနာ့ဝန်ထမ်းများ စည်းရုံးရှာဖွေပြီး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ကာကွယ်ဆေးရောက်ရှိ ထိုးနှံပေးနိုင်မှုအခြေအနေများနှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးများဝယ်ယူရရှိနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သုံးသပ်ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက တပ်မတော်မှ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆေးဝါးများပြတ်လပ်မှုမရှိစေရေး ဆေးအရောင်းဆိုင်များ၊ ကိုယ်စားလှယ်များနှင့် အမြန်ဆုံးညှိနှိုင်းသွားရေး၊ လိုအပ်သည့် ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို အမြန်ဆုံးဖြည့်ဆည်းပေးရေးနှင့် ပြည်သူများအားလုံး ပါဝင်‌ရေးအတွက် အောက်ခြေအဆင့်ထိ ကွင်းဆင်းစည်းရုံး ဆောင်ရွက်သွားရေးတို့အတွက် ပေါင်းစပ်ဆောင်‌ရွက်ပေးခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားအကျဉ်းထောင်၌ အကျဉ်းသူ ၁၇၀ ဦးနှင့် အကျဉ်းသား ၇၄၉ ဦးတို့အား ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac ဆေးများထိုးနှံပေးနေမှု အခြေအနေကို ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အကျဉ်းထောင်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

 

ထိုမှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် အသုံးပြုနိုင်ရေး အလှူရှင်များ လှူဒါန်းပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကချင်ပြည်နယ် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ လှူဒါန်းသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် ဗီတာမင်-ဒီ အားဖြည့်ဆေးရည် ၇၀ ဘူး၊ အောင်နန်းဗလီဂေါပကအဖွဲ့မှ အလှူငွေကျပ်သိန်း ၃၀ နှင့် အမဲသားသတ်လုပ်ငန်းလိုင်စင်အဖွဲ့မှ ငွေကျပ်သိန်း ၆၀ လှူဒါန်းမှုကို လက်ခံရယူခဲ့ကြသည်။

 

ပြည်နယ်(ပြန်/ဆက်)