ကချင်ပြည်နယ်ဝန်ကြီးချုပ် ချီဖွေမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဒေသခံ ပြည်သူများနှင့် သွားရောက်တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား ၃ နိုဝင်ဘာ

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂ ရက်တွင် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်သို့ သွားရောက်ကာ ချီဖွေနှင့် ဆော့လော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြသည်။

 

ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၉ နာရီခွဲတွင် ချီဖွေမြို့သို့ ရောက်ရှိပြီး သီတာရုံတောင်တန်း သာသနာပြုကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်ထံ ဆန် ၁၀ အိတ်၊ အလှူငွေ ၁၀ သိန်းနှင့် ဆော့လော်ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေကျပ် ၁၀ သိန်းတို့နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ချီဖွေပြည်သူဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော လူနာများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ လူနာများအတွက် ထောက်ပံ့ငွေကျပ် တစ်ဦးလျှင် ၂၀ဝ၀ဝ နှုန်းစီနှင့် ဆေးရုံအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ပေးအပ်ခဲ့ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်းကျောင်း၊ ချီဖွေ၊ မေခခန်းမ၌ ချီဖွေနှင့် ဆော့လော်မြို့နယ်အဆင့်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ် ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို ဦးစားပေးအလိုက် ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ပြီး ပြည်သူအကျိုး/ပြည်နယ်၏ အကျိုးအတွက် ကြိုးစားဖြည့်ဆည်း ဆောင်ရွက်လျက်ပေးလျက်ရှိကြောင်း၊ ဒါ့အပြင် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း အတတ်နိုင်ဆုံး အဘက်ဘက်မှ ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော်လည်း အရာအားလုံးကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ရေးသည် စိန်ခေါ်မှုများစွာရှိနေသေးကြောင်း၊ မူးယစ်ဆေးဝါး ကင်းစင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စသည့်စိန်ခေါ်မှုများနှင့်အတူ အရေးကြီးဆုံးဖြစ်သည့် ငြိမ်းချမ်းရေး ရရှိရေးအတွက် ပြည်သူများအားလုံးက မိမိတို့အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းလက်တွဲ ဖြေရှင်းမှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဒေသဆိုင်ရာအချက်အလက်နှင့် လိုအပ်ချက်များကို တင်ပြပြီး ရပ်မိရပ်ဖများ၊ ပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များဖြစ်သည့် ချီဖွေ-ပန်ဝါ လမ်းနှင့် ချီဖွေ-ဆော့လော်လမ်း ဆောင်ရွက်ပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များနှင့်အား ကစားကွင်းရရှိရေးလုပ်ငန်းများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ပြန်လည် ရှင်းလင်း ဖြေကြားကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

           

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ချီဖွေမြို့အတွင်းရှိ တိုက်ပွဲရှောင် စခန်းများ (၁)နှင့် (၂) အတွက် ဆန်အိတ် (၇၅)အိတ်စီနှင့် မြို့နယ်ပြည်သူ့ အားကစားကွင်းအတွက် အားကစားပစ္စည်းမျိုးစုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်း၌ မြို့နယ်အတွင်းရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ တာဝန်ရှိသူများ၊ အသင်းသား/အသင်းသူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အသင်းတော် ၈ သင်းတွင် အသင်းကြီး ၂ ခုအတွက် ငွေကျပ် ၅ သိန်းစီနှင့် အသင်းငယ် ၆ သင်းအတွက် ငွေကျပ် ၂ သိန်းစီဖြင့် စုစုပေါင်း အလှူငွေကျပ် ၂၂ သိန်းနှင့် အသင်းတော်တစ်ခုလျှင် ဆန်အိတ် ၅ အိတ်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ် ၄၀ တို့နှင့်အတူ ဆော့လော်မြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော် ၄ သင်းအတွက် အလှူငွေကျပ် ၁၂ သိန်းကို ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။

 

ပြည်နယ်(ပြန်/ဆက်)