ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လေးနှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ

မြစ်ကြီးနား  ၁၇  ဇူလိုင် 

 

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လေးနှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။ 

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် "ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လေးနှစ်တာကာလအတွင်း ပြည်သူများ၏အကျိုးနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်မှန်းချက်၊ မျှော်မှန်းချက်များချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ မျှော်မှန်းချက်အနေဖြင့် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မူးယစ်ဆေးဝါး ကင်းစင်ပြီး တိုင်းရင်းသားပြည်သူများ အတူယှဉ်တွဲနေနိုင်တဲ့ပြည်နယ်ဖြစ်ဖို့ဆိုတဲ့ မျှော်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရည်မှန်းချက်အနေဖြင့် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနဲ့ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေးနဲ့ တရားဉပဒေ စိုးမိုး ရေး၊ ပြည်နယ်သူပြည်နယ်သားများရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဒေသတွင်းခရီးသွားလုပ်ငန်းများကို အထူးဦးစားပေးဆောင်ရွကခဲ့ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ဖားကန့်ကျောက်စိမ်းမှော် မြေပြိုမှုကြောင့် ‌လူအမြောက်အမြားသေဆုံးခဲ့မှုအပေါ် ကျောက်မျက် တူးဖော်ရေးလုပ်ငန်းများနှင့် အလားတူဖြစ်စဉ်မျိုး မဖြစ်ပွား စေရန် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်ထားမှုများကို တက်ရောက်လာသည့် သတင်းမီဒီယာများမှ မေးမြန်းရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းတို့မှ ရှင်းလင်းဖြေကြားခဲ့သည်။

 

ထို့နောက် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းက ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့သည့် လမ်းတံတားများ၊ စီးပွားရေးဖွံ့ဖြိုးရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ကျေးရွာအုပ်စုများ၊ အခြေခံပညာကျောင်းများ၊ အခြေခံပညာသင်ယူနေသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ပုဂ္ဂလိကကျောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်တပ်ရင်းတပ်ဖွဲ့များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုများနှင့် သတင်းမီဒီယာများ၏မေးမြန်းမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ရှင်းလင်းဖြေကြားခဲ့သည်။

 

အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးထွန်းတင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပအခြေစိုက် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)