ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်၌  ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၁၉၀၃ ဦးရှိ

ဆွမ်ပရာဘွမ်   ၂၈   ဇူလိုင်

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေ ညာမှုများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဒိန်ခန်ယုံခနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက် (၃)ခုသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ကျန်ကျေးရွာ အုပ်စု (၉)အုပ်စုသို့လည်း ဆက်လက်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကြေညာစာရင်းတွင် မဲပေးခွင့်ရှိသူအနေဖြင့် မိမိအမည်စာရင်း ပါ/မပါ အချက်အလက် မှန်/မမှန် စစ်ဆေးရန်နှင့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပုံစံ ၄ (ဂ)ဖြင့် လည်းကောင်း ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ကြရန်နှင့် မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက် လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် နှိုးဆော်ထားပြီး မဲစာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ (၁၄) ရက်ကြာ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

 

မဲဆန္ဒရှင်စာရင်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် ထုတ်ပြန်ထား ခြင်းဖြစ်ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း ဆောင်ရွက်ပြီး မဲဆန္ဒရှင်စာရင်းများကို ပြန်လည်ဖြည့်စွက် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ ဆွမ်ပရာဘွမ်မြို့တွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉) အုပ်စုရှိ မဲရုံပေါင်း(၁၂) ရုံတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ကျား (၉၅၁)ဦး၊ မ (၉၅၂) ဦး မဲဆန္ဒရှင် စုစုပေါင်း (၁၉၀၃) ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

 

ကုဋေ(ဆွမ်ပရာဘွမ် ပြန်/ဆက်)