ကချင်ပြည်နယ် အသေးစားနှင့် စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် Covid-19 ကာလအတွင်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်း ဖွင့်လှစ်ပေး

ပူတာအို ၂၁ စက်တင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် အသေးစားနှင့် စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသည် Covid-19 ကာလအတွင်း Covid-19 စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းများ ဖွင့်လှစ်ရန် ညွှန်ကြားချက် နှင့်အညီ တန်ဖိုးမြှင့်စားသောက်ကုန်၊ လူသုံးကုန်၊ စက်ချုပ်နှင့် လက်ရက်ကန်းမွမ်းမံသင်တန်းများကို ဇူလိုင် ၁၆ ရက်မှ ဩဂုတ် ၃၀ ရက်အထိ ပြည်ထောင်စုရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် သင်တန်းများဖွင့်လှစ်နိုင်ခဲ့ကြောင်း ကချင်ပြည်နယ် အသေးစားနှင့် စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

အဆိုပါ သင်တန်းကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အတိုင်း တိကျစွာလိုက်နာ၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး Covid-19 ကြောင့် ပြည်ပမှ နေရပ်ပြန်များ၊ အလုပ်အကိုင် ရှာဖွေနေသည့် ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းနှင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိပြီး စားဝတ်နေရေး ပြေလည်စေသည့်အပြင် သင်တန်းပြီးဆုံးပါက တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများ ထူထောင်နိုင်၍ ကာလတိုအတွင်း ဝင်ငွေရရှိစေရန်အတွက် သင်တန်းဖွင့်လှစ် သင်ကြား ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ကျွန်တော်တို့ ကချင်ပြည်နယ် အသေးစားနှင့် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ ကိုဗစ်ကာလမှာ ပြည်ထောင်စုရန်ပုံငွေနဲ့ အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်း (၁၂)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီးတော့ သင်တန်းသူ/သား (၃၄၉)ဦး မွေးထုတ်နိုင်ခဲ့ပါတယ်။ သင်တန်းကတော့ တန်ဖိုးမြှင့်စားသောက်ကုန် သင်တန်း(၅)ကြိမ်၊ လူသုံးကုန် အလှကုန်သင်တန်း (၅)ကြိမ်၊ ရက်ကန်းအဆင့်မြှင့်သင်တန်း (၁)ကြိမ်၊ ကာလတိုစက်ချုပ်သင်တန်း (၁)ကြိမ် စုစုပေါင်း (၁၂)ကြိမ် ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းများထဲမှ (၁၀)ဦးကတော့ ဓါတ်ခွဲမှုအောင်မြင်တဲ့အတွက် လူသုံးကုန်နှင့် စားသောက်ကုန်မှတ်ပုံတင် ထုတ်ပေးနိုင်ခဲ့တဲ့အပြင် ထပ်မံပြီးတော့ မှတ်ပုံတင်မည့် လုပ်ငန်းရှင်များလည်း ရှိပါတယ် ဟု ကချင် ပြည်နယ် အသေးစားနှင့် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းက ပြောသည်။

 

ကချင်ပြည်နယ် အသေးစားနှင့် စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်း၊ အင်းတော်ကြီးဒေသ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး၊ မြစ်ကြီးနားမြို့ ကချင်ပြည်နယ် အသေးစားနှင့် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးများ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ဌာနမှ သင်တန်းဆရာ ဆရာမများ၊ ပြင်ပမှကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချပေးခဲ့သည့်အပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ ပြည်နယ် မန်နေဂျာများက သက်ဆိုင်ရာဌာနများနှင့် ပတ်သက်သည့် သိကောင်းစရာများကိုလည်း လာရောက်ပို့ချပေးခဲ့ကြောင်း သိရသည်။

 

ဖုန်ကန်(ပြန်/ဆက်)