ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပူတာအိုခရိုင်ရုံး တိုးချဲ့ဖွင့်လှစ်သွားမည်

ပူတာအို   ဇန်နဝါရီ   ၅

ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ပူတာအိုခရိုင်ရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေး၊ စိုက်ပျိုးရေး အခြေခံထွက်ကုန်သီးနှံများ တန်ဖိုးမြှင့် ထုတ်လုပ်၍ ပြည်တွင်း ပြည်ပ တင်ပို့နိုင်ရေး၊ ကြိမ်ဝါးလက်မှုထည်များ၊ ရက်ကန်းလုပ်ငန်းနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ တိုင်းရင်းရိုးရာ လက်မှုထည်များ တိမ်ကောပပျောက်မှု မရှိစေရေးနှင့် ဒေသစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဘဏ္ဍာနှစ်အတွင်း ပူတာအိုခရိုင်ရုံး တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

"ပူတာအိုခရိုင်၊ ဗန်မော်ခရိုင်၊ မိုးညှင်းခရိုင်မှာ ရုံးတိုးချဲ့ဖွင့်လှစ်သွားပါမယ်။ ဒီခရိုင်တွေက ိုတိုးချဲ့ဖွဲ့စည်းခြင်းအားဖြင့် ဌာနရဲ့လုပ်ငန်းဖြစ်တဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်းတွေ၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းတွေ၊ ရက်ကန်းလုပ်ငန်းတွေ နောက်ပြီး အခါအားလျော်စွာ ဒေသခံတွေ အများဆုံး တောင်းလေ့တောင်းထရှိတဲ့ အသက်မွေး၀မ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းတွေ၊ နောက်တစ်ခါ တိုင်းရင်းရိုးရာ လက်မှုထည်လုပ်ငန်းတွေ ဦးစားပေးပြီး ပို့ချသွားပါမယ်" ဟု ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းက ပြောပြသည်။

လက်ရှိ ပူတာအိုဒေသနှင့် လိုက်လျောညီထွေရှိသည့် ဂရိတ်ဖရု၊ ဝါရှင်တန်၊ နှင်းသီး၊ ဘုရင်သီးနှင့် ပူတာအိုဒေသထွက် စိုက်ပျိုးသီးနှံများ ပြည်တွင်း ပြည်ပ‌ ဈေးကွက်သို့ တင်ပို့နိုင်ရေးနှင့် စိုက်ပျိုးထုတ် လုပ်သူ လုပ်ငန်းရှင်တိုးပွားလာစေရေးအတွက် ဌာနမှ နည်းပညာများ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး လက်ရှိ ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ဖွင့်လှစ်ပြီး (၇)နှစ်တာကာလအတွင်း လုပ်ငန်းရှင်မှတ်ပုံတင် တင်ထားသူ ၅၀၆ ဦးရှိသည့်အနက် ပူတာအိုခရိုင်မှ လုပ်ငန်းရှင် မှတ်ပုံတင် တင်ထားသူ လေးဦးသာရှိသည့်အတွက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း အရေအတွက် အနည်းဆုံးနှင့် ဒေသ GDP အနိမ့်ဆုံးခရိုင်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)