ကချင်မြေကိုလာပါ တကယ်ပျော်မယ်နော်

Truly Amazing The Nothern Part of Myanmar, Kachin’s  Myitkyina        

Thiha, the Traveller @သီဟလုလင်

 

(ယခင်အပတ်ကအဆက်)

 

အောင်မြေသာကြိုးတံတား အောင်မြေသာစံပြရွာမှာရှိတဲ့သံယောဇဉ် ကြိုးတံတားနဲ့ ချောင်းလေးဆီ အပန်းဖြေစရာ နေရာတစ်ခုအဖြစ် ဒေသခံတွေရော ခရီးသွား ဧည့်သည်တွေပါ လာရောက်လည်ပတ်ကြပါတယ်။ ချစ်စရာ ဝါးအိမ်လေးတွေနဲ့ စားသောက် ဆိုင်လေးတွေ၊ အမှတ်တရပစ္စည်းအရောင်း ဆိုင်တွေ စုံလင်ပြီး ရေဆင်းချိုးကြရတာလည်း ပျော်စရာဖြစ်ပါတယ်။ ဒီမှာ စကားတွေကို အမြဲမှားပြောတတ်လို့ တစ်ပြည်လုံးက ချစ်ခင်ကြတဲ့ ဆယ်လီမမရဲ့ ဆိုင်ကလည်း ဒီမှာပါပဲ။ မြစ်ကြီးနားမြို့နဲ့တော့ နည်းနည်း လှမ်းပါတယ်။ မြစ်ဆုံနဲ့ ပိုနီးပါတယ်။

 

ရွှေမိုးတောင် ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီ

 

တည်ထားတာ မကြာသေးပေမယ့် ဘုရားဖူး လာရောက်သူများတဲ့ စေတီပါ။ ကြက်နဲ့ ဖားရုပ်အကြီးကြီးတွေရှိလို့ အမှတ်တရ ဓာတ်ပုံရိုက်ကူးသူလည်း များပါတယ်။ ကျွန်တော်သဘောကျတာက စေတီအတွင်းက ဆင်းတုတော်တွေနဲ့ နေ့နံတိရစ္ဆာန်ရုပ်တုတွေဟာ ထူးခြားစွာ အညိုရောင်အဆင်း ဖန်တီးထားတယ်။ စေတီကိုတည်ဆောက်ရာမှာလည်း ဆင်ဖြူတွေခံပြီး တည်ထားတယ်။ စေတီ အတွင်းပတ်လမ်းကတော့ ကျဉ်းမြောင်းပါတယ်။

 

ဆဒုံး လန်နခရေတံခွန်

 

ဆဒုံးရေတံခွန်လို့ လူသိများကြတဲ့ ဆဒုံးမြို့အနီးက လန်နခရေတံခွန်က အတော်လှတဲ့ ရေတံခွန်ပါ။ အတော်တော့ သွားယူရပါတယ်။ တောတောင်စိမ်းစိမ်းကြားကနေ ရေတံခွန် အထပ်ထပ် ရေအားကောင်းကောင်း စီးဆင်းလာတာမို့ မြင်ကွင်းက သိပ်လှတဲ့အပြင် အောက်ဘက်မှာလည်း စီးဆင်းနေတဲ့ ချောင်းကျယ်ကျယ်ရှိတာမို့ တောင်ပေါ်က ဆင်းလာတဲ့ ရေတံခွန်ရယ်၊ တောင်အောက်က စီးနေတဲ့ချောင်းရယ် ပေါင်းဆုံတဲ့အလှကို ကြိုးတံတားပေါ်ကနေ ကြည့်ရတာ သိပ်သဘာဝဆန်ပြီး မြင်ရသူကို လွမ်းမော ကြည်နူးစေပါတယ်။ ကြိုးတံတားလေး တစ်ဖက်မှာ နားနေစရာဆိုင်လေးလည်း ရှိသလို ရေတံခွန်အဆင့်ဆင့် တက်ရင်လည်း နားခိုစရာ အဆောင်လေးတွေ ရှိပါတယ်။ စိမ်းလန်းအေးချမ်းတဲ့ တောရိပ်တောင်ရိပ်လေးကို ရေတံခွန်သံလေးနဲ့ ခံစားရစေတဲ့နေရာလေးပါ။

 

ကမ္ဘာလုံးစေတီ

 

ထူးခြားတဲ့ စေတီတည်ဆောက်ပုံနဲ့ပါ။ ကမ္ဘာလုံးပေါ်မှာ စေတီတည်ထားတာဖြစ်လို့ ကမ္ဘာလုံးစေတီလို့ ရိုးရိုးခေါ်ဆိုကြတာ ဖြစ်ပါမယ်။ အနီးဝန်းကျင်ရှုခင်းက လှပါတယ်။

 

မြစ်ဆုံ

 

မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် ၂၆ မိုင်ခန့် အကွာက တန်ဖဲရွာအနီးမှာရှိတဲ့ ဧရာဝတီမြစ်ကြီး ဖြစ်ပေါ်ရာအစ မေခနဲ့ မလိခ မြစ်နှစ်စင်းပေါင်းဆုံတဲ့အရပ်ကို အနယ်နယ်အရပ်ရပ်က ခရီးသွားတွေရယ်၊ ဓာတ်ပုံဝါသနာ အိုးတွေရယ် လာရောက်တတ်ပါတယ်။ မြစ်ဆုံဟာ ရေကျချိန်ဆို ကျောက်ချောလုံးလေးတွေများစွာနဲ့ သိပ်လှတဲ့နေရာပါ။ ကျွန်တော် ရောက်တဲ့အချိန်က ရေမကျသေးတာမို့ မြစ်ပြင်က ကျယ်နေပါတယ်။ ရေကျချိန်ဆို မြစ်အလယ်လောက်ထိ သွားလို့ရပြီး ကျောက်ချောတွေနဲ့ ပိုလှတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ကချင်တိုင်းရင်းသားဝတ်စုံတွေ ငှားရမ်းဝတ်ဆင်ပြီး ဓာတ်ပုံရိုက် နိုင်ပါတယ်။ တစ်စုံကို ငွေကျပ် ၂၀၀၀ ပေးရ တယ်။ ဓာတ်ပုံခက သီးသန့်ထပ်ပေးရပါတယ်။ မြစ်ဆုံဟာ နေထွက်ချိန် လှတဲ့အရပ်မို့ ဓာတ်ပုံဝါသနာအိုးတွေက နေထွက်ချိန် စောင့်ရိုက်လေ့ရှိတယ်လို့ ကြားရပါတယ်။

 

mdn

 

ဗုဒ္ဓသာသနာငါးထောင်စံစေတီ

 

မြစ်ဆုံနဲ့မနီးမဝေးမှာ သာသနာငါးထောင် စံစေတီကိုလည်း ဖူးမြော်နိုင်ပြီး အဆာပြေ =စားဖို့ စားသောက်ဆိုင်တွေ၊ အမှတ်တရ ပစ္စည်းဆိုင်တွေလည်း လည်ပတ်ကြည့်ရှု နိုင်ပါသေးတယ်။ မြစ်အတွင်း စက်လှေနဲ့လှည့်ပတ်ပြသပေးတဲ့ ဝန်ဆောင်မှုလည်းရှိပြီးတစ်စင်းကို ငွေကျပ်နှစ်သောင်း ပေးရတယ်လို့ဆိုပါတယ်။

 

ဝါရှောင်ဆည်

 

ဝါရှောင်ဆည်နဲ့ ကြိုးတံတားကိုလည်း မြစ်ကြီးနားမှာ အချိန်ယူနိုင်ခဲ့ရင် လည်ပတ် ခဲ့စေချင်ပါတယ်။ အချိန်အားဖြင့် တစ်နာရီလောက်တော့ ကားနဲ့ သွားရပါတယ်။ကျွန်တော်ကတော့ အချိန်နည်းနေလို့ ဒီတစ်ခါ မရောက်ဖြစ်နိုင်ခဲ့ပါဘူး။

 

ကျောက်စိမ်းအဝိုင်း

 

မြို့တွင်းက ကျောက်စိမ်းကို ကလပ်ပေါ် တင်ထားပြီး Myitkyina City လို့ ဖောင်းကြွစာလုံး ထောင်ထားတဲ့ ဒီအဝိုင်းပတ်ကို သဘောကျမိပါတယ်။ အလည်လာသူ ခရီးသွား ဧည့်သည်တွေအတွက် အမှတ်တရဓာတ်ပုံ ရိုက်ချင်စရာပါ။

 

အင်းတော်ကြီးနှင့် ရွှေမြဉ္ဇူရေလယ်ဘုရား

 

အင်းတော်ကြီးကို မြစ်ကြီးနား လည်စရာထဲ ထည့်ရတာက ကျွန်တော်ကတော့ ခရီးမကြုံကြုံအောင်လည်း သွားထားတာမို့သာ ထည့်ရတာပါ။ တကယ်တမ်းတော့ မြစ်ကြီးနားကနေ အင်းတော်ကြီးကို လေးနာရီလောက် ကားစီးသွားရတာမျိုးပါ။ နေ့ချင်းပြန် ဆိုရင် ရှစ်နာရီ အသွားအပြန် ကားစီးချိန်မို့ အကြံပြုရရင် အင်းတော်ကြီးမှာ တစ်ညအိပ်ပြီး အေးအေးလူလူ သက်သောင့်သက်သာ သွားနိုင်ရင် ပိုပြီးပျော်ကြရမှာပါ။ အင်းတော်ကြီးဟာ အရှေ့တောင်အာရှမှာ အကြီးဆုံး အင်းကြီးလည်းဖြစ်သလို သဘာဝအင်းကြီးလည်း ဖြစ်ပါတယ်။ အင်းတော်ကြီးမှာ ဟိုတယ်တော့ မရှိဘူး၊ ဒါပေမယ့် တည်းခိုဆောင်လေးတွေရှိတယ်။ များသောအားဖြင့်တော့ ပွဲရာသီအတွက် တည်ဆောက်ငှားရမ်း ကြတာမျိုးပါ။ သေချာလေးတည်ဆောက် ထားတာက အနည်းငယ်ပဲ ရှိပါတယ်။ အဲဒီမှာ တစ်ညအိပ်ရင်း အင်းတော် ကြီးထဲက ရွှေမြရေလယ်ဘုရားကို သွားဖူးနိုင်ပါတယ်။ စက်လှေက တစ်ယောက်ကို ငွေကျပ်၂၀၀၀ ပေးရပါတယ်။ လှေဆိပ်မရောက်ခင် ဆိုင်လေးတွေများစွာ ဖြတ်သွားရတာလည်း အပျင်းပြေပါတယ်။ လှေဆိပ်မှာ ရေတက်ချိန်ဆို လှေစီးသွားတယ်။ ရေကျလို့ လမ်းပေါ်ချိန်ဆို လမ်းလျှောက်သွားကြတာလည်း ပျော်စရာတစ်ခုပါ။ နတ်လမ်းပေါ်တဲ့အချိန်ဆို ရေပြင်ထက်မှာ ဘုရားအထိ အဖြူရောင်လို တံလှပ်လေးတန်းပြီး ပြေးနေတာကို တွေ့ရပါမယ်။ သွားလျှောက်လို့တော့ မရပါဘူး။ မြင်တော့ မြင်နေရတာမျိုးပါ။

 

ရေလယ်ဘုရားကိုရောက်ပေမယ့် ရင်ပြင်ပေါ်ကို အမျိုးသမီးတွေ တက်ခွင့်မရှိပါဘူး။ အမျိုးသမီးတွေ တက်ခဲ့ရင် မိုးသက်မုန်တိုင်းကျပြီး လူအဖိတ်အစဉ်များတတ်လို့ အလွန်ဂရုစိုက်ကြပါတယ်။ အမျိုးသမီးတွေကတော့ သတ်မှတ်ထားတဲ့ အဆောင်ကနေပဲဖူးမြော်ကြရတာပါ။ နောက်ပိုင်းတော့ အမျိုးသမီးတွေအတွက် သီးသန့်ပတ်လမ်း လုပ်မယ်လို့ ကြားရပါတယ်။ အင်းတော်ကြီး ကို ဘုရားဖူးဖို့အပြင် ငှက်ကြည့်ဖို့လည်း ပြည်တွင်း ပြည်ပက ဝါသနာရှင်ခရီးသွား ဧည့်သည်တွေ လာရောက်တတ်ကြပါသေးတယ်။ ဘုရားပွဲကာလ မတ်လဝန်းကျင်၊ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလပြည့် တွေမှာ ပွဲတော်တွေရှိတာမို့ အတော်စည်ကား ပြီး တိုးဝှေ့သွားယူရတတ်ပါတယ်။

 

mdn

 

ဟိုဖာကမ်းခြေနှင့် မြမြဘုရား

 

အင်းတော်ကြီးကို အလည်သွားရင်း တခြားနီးစပ်ရာတွေ လည်ပတ်နိုင်ပါသေးတယ်။ နှီးဘုရားလိုမျိုး အခြားလည်ပတ်စရာတွေ များသေးပေမယ့် အချိန်သိပ်မရလို့ ကျွန်တော်ကတော့ ဟိုဖာကမ်းခြေလို့ တင်စား ထားတဲ့ ဟိုဖာရွာက အင်းအစပ်လေးဆီရောက်ဖြစ်ခဲ့တယ်။ ရေတက်နေတုန်းမို့ဗေဒါပင်တွေနဲ့ ကမ်းခြေအသွင် မရှိသေးပေမယ့် နွေအခါမှာဆို ပင်လယ်ကမ်းစပ်တစ်ခုလို ရေချိုးအပန်းဖြေချင်စရာ ကောင်းတဲ့နေရာလို့ သိရပါတယ်။ ဟိုဖာဘုရားလို့ခေါ်ကြတဲ့ မြမြဉ္ဇူဘုရားကိုတော့ တက်ဖူးနိုင် ခဲ့ပါတယ်။ တောင်ပေါ်မှာရှိတဲ့ ဒီဘုရားပေါ်ကနေ အင်းတော်ကြီးရဲ့ ကြီးမားကျယ်ပြန့်ခမ်းနားမှုကို မြင်ရတာလည်း ရင်သပ်ရှုမော ဖွယ်ရာပါပဲ။ ရှုခင်းကလည်း အတော်လှတာပါ။ တက်ကြည့်သင့်ပါတယ်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးပြခန်း

 

အင်းတော်ကြီးဒေသမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာတွေနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းရင် ဖြစ်လာမယ့် အကျိုးဆက်တွေအကြောင်းကို ပညာပေးပြခန်းအနေနဲ့ လုပ်ဆောင်ထားတာကို မည်သူမဆို အခမဲ့ဝင်ရောက်လေ့လာ နိုင်ပါတယ်။

 

ဘယ်မှာစားကြမလဲ

 

စားဖို့ကတော့ ရွေးစရာစုံတယ်။ ကချင်ရိုးရာ၊ မြန်မာဟင်းလျာ၊ ဟိန္ဒူ အစားအစာ၊တရုတ်၊ ထိုင်း အစုံအလင်ပါပဲ။ မြန်မာ ထမင်းဟင်းမှာတော့ ဈေးနားက လွယ်လင်ဆိုင်လေး သဘောကျတယ်။ ဈေးလည်း မကြီးဘူး။ စေတနာလည်း ကောင်းတယ်။ အရန်ဟင်း အတို့အမြှုပ်လည်းစုံပြီး ဟင်းပွဲလည်း ကြီးတယ်။ ရွေးချယ်စရာလည်းပါတယ်။ ကချင်ရိုးရာစားစရာနဲ့ ခေါင်ရည်လို ဟာမျိုးဆိုရင်တော့ မနောကွင်းအောက်က Lung Ga Pa ဆိုင်လေး သဘောကျတယ်။ လာတိုင်း အဲဒီဆိုင်မှာ စားဖြစ်တယ်။ လက်ရာကလည်း ကောင်းတယ်။ အရင်က ထွယ်ဆန်ရပ်ကွက် ရွှေလမ်းမကြီး လမ်းသွယ် (၅) (တချို့ ကလည်း တပ်ကုန်းရပ်လို့ ခေါ်ကြတယ်) အဲဒီက နာမည်မတပ်တဲ့ဆိုင်က လက်ရာလည်း အတော်ကြိုက်ခဲ့တာ။ ဒီတစ်ခါ ပြန်ရောက်တော့ မသွားဖြစ်ခဲ့ဘူး ရှိသေးရဲ့လားမသိ။ ဖက်ထမင်းလေးနဲ့ ကချင်ရိုးရာ အစားအစာ အထူးအဆန်းလေးတွေ ရသေးတာ။ ဒါက စားဖူးသမျှပေါ့နော်။ ။

 

ကျွန်တော့်အတွက်တော့ မြစ်ကြီးနားဟာ သိပ်ကို ပျော်စရာကောင်းတဲ့ လည်ပတ်စရာ ပေါများရာ နေရာတစ်ခုလိုပါပဲ။

 

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ ။

 

မြန်မာ့အလင်း