ကိုယ်ပိုင်မိခင်မျိုးရိုးဗီဇစစ်စစ် ပိုင်ဆိုင်သော၊ နိုင်ငံတော်အတွက် အရေးပါသည့် မြန်မာ့နွားမျိုးများ

 

 

မောင်မိုး(မွေးကု)

နွားမျိုးများ၏ မျိုးရိုးဆင်းသက်လာမှု ရာဇဝင်

နွားမျိုးများသည် လွန်ခဲ့သောနှစ်ပေါင်း ၂ ဒသမ ၅ သန်းကျော်   ကျောက်ခေတ်ဦး  (Palaeolithic age) ကာလတွင်  တည်ရှိခဲ့သော  အော်ရိုချ် (Auroch) ခေါ် နွားရိုင်းများမှ    ဆင်းသက်လာပြီး    တဖြည်းဖြည်းနှင့် ယဉ်ပါးလာကြကာ      အိမ်မွေးနွားမျိုးများအဖြစ် ဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာပြီး  စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများတွင်     အသုံးပြုကြသည်ဟု   မျိုးရိုးဗီဇ        သုတေသနပညာရှင်များက   လေ့လာရှာဖွေ    ဖော်ထုတ်ခဲ့ ကြပါသည်။  အိမ်မွေးနွားမျိုးများတွင်     သမပိုင်းဒေသ၌     ကောင်းစွာရှင်သန်နိုင်သော နွားမျိုး   (Bos taurus) နှင့်  အပူပိုင်းဒေသတွင်  ကောင်းစွာရှင်သန်နိုင်သော နွားမျိုး (Bos indicus) ဟူ၍ နှစ်မျိုးရှိပါသည်။    အိမ်မွေးနွား မျိုးများကို    နို့စားနွား၊ အသားစား နွား၊   ခိုင်းနွားစသည်ဖြင့်   ရည်ရွယ်ချက် အမျိုးမျိုးဖြင့် မွေးမြူကြပါသည်။  ၂၀၁၈  ခုနှစ်တွင်   ကမ္ဘာပေါ်၌    နွားကောင်ရေ  စုစုပေါင်း ၁ ဒသမ ၀၀၂ ဘီလီယံ မွေးမြူလျက်ရှိပါသည်။  မြန်မာနိုင်ငံ တွင်    အိမ်မွေးနွားမျိုးများကို  လယ်ယာစိုက်ပျိုးရေးတွင် လည်းကောင်း၊ နို့ထုတ်လုပ်ရေးအတွက်လည်းကောင်း၊ အသားစားနွား           မွေးမြူရေးအတွက်လည်းကောင်း၊      သယ်ယူပို့ဆောင်ရေးအတွက်လည်းကောင်း ရည်ရွယ် ချက်ပေါင်းများစွာဖြင့်    ကျယ်ပြန့်စွာ   မွေးမြူလျက် ရှိပါသည်။

မြန်မာ့နွားမျိုးများ၏      နိုင်ငံတော်၏ဝင်ငွေအတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်မှု

မြန်မာနိုင်ငံသည် စိုက်ရေးကို အခြေခံသောနိုင်ငံ ဖြစ်သောကြောင့် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုအတွက် မြန်မာ့နွားမျိုးများသည် ရှေးအစဉ်အဆက်ကပင် မွေးမြူ ခဲ့သော   တိရစ္ဆာန်အရင်းအမြစ်  (Animal resources) ဖြစ်ပါသည်။    ယခုအချိန်အခါတွင်  မြန်မာ့နွားသည် နိုင်ငံတော်၏   အခွန်ဘဏ္ဍာငွေ     ရှာဖွေမှုအတွက် တစ်ဖက်တစ်လမ်းမှပါဝင်၍        တစ်နှစ်ထက်တစ်နှစ် တရားဝင်အခွန် ဘဏ္ဍာငွေများကို ရှာဖွေပေးလျက်ရှိ သည်ဟု ဆိုလျှင်လည်း မှားမည်မထင်ပါ။ မြန်မာ့ ကျွဲ၊ နွားများမှ ၂၀၁၇-၂၀၁၈  ဘဏ္ဍာနှစ်တွင်   အမေရိကန် ဒေါ်လာ ၅၁ ဒသမ ၃၅ သန်းကျော်ကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၈၄ ဒသမ ၆၂ သန်းကျော်ကို လည်းကောင်း၊  ဘဏ္ဍာနှစ် နှစ်နှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၃၅ ဒသမ ၉၇ သန်းကျော်ကို     နိုင်ငံတော်အတွက်   ရှာဖွေပေး နိုင်ခဲ့ပါသည်။  ထို့အပြင်  မြန်မာ့နွားများမှ  အာဟာရ ပြည့်ဝသော အသား၊ နို့အပြင် လယ်ယာစိုက်ပျိုးရေးနှင့်သယ်ယူပို့ဆောင်ရေးတို့တွင် ယနေ့အထိတိုင် အသုံးချ လျက်ရှိသော လုပ်အား၊   စိုက်ပျိုးရေးတွင် အော်ဂဲနစ် မြေဩဇာအဖြစ်     တွင်တွင်ကျယ်ကျယ်   အသုံးပြုသော မြန်မာ့နွားများ၏ နွားချေး စသည်များကို  ထုတ်လုပ် ပေးလျက်ရှိသောကြောင့်       နိုင်ငံတော်အတွက်   အရေးပါ လှပေသည်။

မြန်မာ့နွားမျိုးများ

မြန်မာ့နွားမျိုးများကို   နွားနီအုပ်စု၊   နွားပြာအုပ်စု၊ နွားနက်အုပ်စုနှင့် နွားဖြူအုပ်စုဟူ၍ အရောင်ပေါ်မူတည် ပြီး  အုပ်စုခွဲ၍  အလွယ်တကူ  ခေါ်ဆိုကြသည်ဟု ဆရာ ဦးအောင်စိုးက  မြန်မာ့ကျွဲ မြန်မာ့နွားစာအုပ်တွင် ရေးသား ဖော်ပြထားပါသည်။  ထို့အပြင်  ဒေသအခေါ်အဝေါ်ပေါ် မူတည်ပြီး မြန်မာ့နွားမျိုးများကို နွားနီအုပ်စုတွင် နွားနီ၊ နွားရွှေနီ၊ နွားကျစ်၊  နွားကျစ်နီ၊ နွားကျစ်ကျား၊ နွားနီ ထိပ်ကွက်၊   နွားနီမြီးစွပ်၊   နွားနီကျား၊  နွားနီရဲရဲတောက်၊ နွားဝါနီ၊ ချိပ်နီ၊ ပုစွန်ဆီ၊ အုန်းခွံ၊ ဇော်နီကွမ်းသွေး၊ နွားဝါ၊ နွားဝါဖွဲနုနှင့်    နွားဝါခြောက်ဟူ၍  လည်းကောင်း၊ နွားပြာအုပ်စုတွင် နွားပြာစိမ်း၊ နွားပြာခြောက်၊ နွားပြာဝါ၊ နွားပြာဖြူ၊ နွားပြာကျား၊ နွားပြာထိပ်ကွက်၊ နွားပြာမြီးစွပ်၊ နွားပြာသံရောင်၊    နွားပြာနှမ်း၊   နွားပြာနီကွမ်းသွေးနှင့် နွားနှမ်း ဟူ၍လည်းကောင်း၊ နွားနက်အုပ်စုတွင် နွားနက်၊ ဩဇာချိပ်၊     သံရောင်ချိပ်၊     နွားနက်ကျား၊    နွားနက်စွပ်၊ နွားနက်ထိပ်ကွက်၊ နွားညိုသရောင်၊  နွားပြေ၊ နွားပြေညို၊ နွားပြေနီ၊       နွားပြေထန်းသီးနှင့်      နွားပြေသံရောင် ဟူ၍လည်းကောင်း၊  နွားဖြူအုပ်စုတွင်  စာအု၊ စံပယ်ဖြူ၊ စံပယ်၊ စာအုဝါ၊ စာအုဝါကျား၊ စာအုထိပ်ကွက်၊ စာအုပြာ၊ စာအုအုန်းခွံ၊   စာအုနှာပြောက်၊  စာအု မြီးတန်ကြောင်၊ စာအုမြီးစွပ်နှင့် စံပယ်နီ ဟူ၍လည်းကောင်း ဒေသအလိုက် ခေါ်ဝေါ်ကြပါသည်။ အခြားသော ဒေသအခေါ်အဝေါ်များ လည်း ရှိနိုင်ပါသေးသည်။ ယင်းတို့သည် မျက်မြင်အားဖြင့် ရုပ်သွင်ပြင်လက္ခဏာ(အရောင်)ပေါ်   မူတည်၍ ရှေးအစဉ် အဆက်ကတည်းက      ခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။     မြန်မာ့ နွားမျိုးများကို   ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ၏    နိုင်ငံအတွင်း   တိရစ္ဆာန်ကွဲပြားခြားနားမှု      သတင်းပေးစနစ်    (Domestic    Animal   Diversity Information System, DAD-IS) တွင် ပြာစိမ်း၊ ရွှေနီကြီး၊  ရှမ်းနွားပု၊   ထားဝယ်နွား၊  ကျောက်ဖြူနွား၊  ကန်တုံတ (Kantonda) ဟူ၍    မှတ်တမ်းပေးပို့ထားရှိပါသည်။  ထို့အပြင်  မွေးမြူရေးနည်းစနစ်နှင့် ပတ်သက်၍ ဒေသနွား မျိုး မြှင့်တင်မွေးမြူရေးနည်းစနစ်များကို  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ရဲထွန်းဝင်း ရေးသားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သုတပဒေသာ  (အသုံးချသိပ္ပံ)   အမျိုးသားစာပေဆု ရရှိခဲ့သော “သဘာဝ ပတ်ဝန်းကျင်အကျိုးပြု နို့စားနွား မွေးမြူရေး” စာအုပ် တွင်လည်း ပြည့်စုံစွာ ဖော်ပြထားပါသည်။  သို့သော် ၂၀ ရာစုအထိ   မော်လီကျူလာနည်းပညာ  (Molecular method)ကို အသုံးပြု၍ မြန်မာ့နွားမျိုးများ၏ ဒီအင်န်အေ (Deoxyribonucleic    Acid-DNA) တွင်  ပါရှိသော မျိုးရိုးဗီဇများကို   သုတေသနပြု၍   လေ့လာခဲ့မှုများ မရှိခဲ့ပေ။ စာရေးသူသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဂျပန်နိုင်ငံ  ကာဂိုရှီးတက္ကသိုလ်၌ မြန်မာ့နွားမျိုးများ၏ မျိုးရိုးဗီဇများကို   မော်လီကျူလာနည်းပညာကို   အသုံးပြု ပြီး ပါရဂူဘွဲ့အတွက် သုတေသနပြု ဆောင်ရွက်ခဲ့ပါသည်။

မိုက်တိုကွန်ဒရီးယားဒီလု (Mitochondrial d-loop)ပေါ် မူတည်၍ နွားမျိုးများကွဲပြားခြင်း

မိုက်တိုကွန်ဒရီးယားဒီအင်န်အေသည်       စက်ဝိုင်းပုံ သဏ္ဌာန်ရှိသော ဒီအင်န်အေ (Circular DNA) အမျိုးအစား ဖြစ်ပြီး   မျိုးရိုးဆက်ခံနိုင်မှုသဘောတရားအရ  မိခင်က သာ   သားသမီးထံသို့   အမွေပေးနိုင်ပါသည်။ ဖခင်က သားသမီးထံသို့  အမွေမပေးနိုင်ပေ။  ထို့ကြောင့် မျိုးရိုးဗီဇ သိပ္ပံပညာရှင်အများစုသည်  မိခင်မျိုးရိုးအဆက်အနွှယ် (Maternal lineage) ကွဲပြားမှုကို   မိုက်တိုကွန်ဒရီးယား ဒီအင်န်အေအတွင်း၌ရှိသော  မိုက်တိုကွန်ဒရီးယားဒီလုကို အသုံးပြု၍     လေ့လာကြပါသည်။  နွားမျိုးများ၏ မိုက်တို ကွန်ဒရီးယားဒီလုကို       လေ့လာရာတွင်    သမပိုင်းဒေသ နွားမျိုး၊   အပူပိုင်းဒေသနွားမျိုးဟူ၍   အဓိကအားဖြင့်  နှစ်မျိုးကွဲပြားပါသည်။ ထို့ပြင် မိုက်တိုကွန်ဒရီးယားဒီလု၏  ကွဲပြားမှုပေါ်မူတည်၍    အအေးပိုင်းဒေသနွားမျိုးတွင် မိခင်မျိုးရိုးအုပ်စု (Maternal lineage Haplogroups) ခြောက်ခုရှိပြီး ယင်းတို့မှာ Haplogroup R, Haplogroup T, Haplogroup P, Haplogroup Q, Haplogroup E နှင့် Haplogroup C တို့    ဖြစ်ကြပါသည်။ အပူပိုင်း ဒေသနွားမျိုး HaplogroupI တစ်ခုတည်းသာရှိပြီး ယင်းမှ ဆင့်ပွားအုပ်စု Haplogroup (I1), Haplogroup (I1a) နှင့် Haplogroup (I2), Haplogroup (I2a) ဟူ၍ လေးမျိုးရှိပါသည်။

မြန်မာ့နွားမျိုးများ၏ မိခင်မျိုးရိုးတည်ရှိနေမှု

(က)  မျိုးရိုးဗီဇအကွာအဝေးပေါ် မူတည်၍ မျိုးရိုးဗီဇ ဆက်နွှယ်မှု   

မိုက်တိုကွန်ဒရီးယားဒီလုကို         အခြေခံပြီး မျိုးရိုးဗီဇအကွာအဝေးပေါ်      မူတည်၍  ဘိုဘိုင်းဒေး (Bovidae) အမျိုးတို့၏   မျိုးရိုးဗီဇဆက်နွှယ်တည်ရှိမှုကို  မက်ဂါ (MEGA)  ဟုခေါ်သော မျိုးရိုးဗီဇ ဆော့ဖ်ဝဲဖြင့် တွက်ချက်ထားပြီး    ပုံ(၁) တွင်   ဖော်ပြထားပါသည်။ သမပိုင်းဒေသနွားမျိုး  (Bos taurus)၊   အပူပိုင်းဒေသနွားမျိုး  (Bos indicus ) များသည် နွားရိုင်းများမှ ဆင်းသက်လာ ခဲ့ခြင်းကြောင့်  အဓိက  အကိုင်းအခက်ကြီးဖြင့် ဆင်းသက် လာကြပါသည်။  သို့သော်   မြန်မာ့နွားမျိုးများဖြစ်သော ပြာစိမ်း၊ ရွှေနီ၊ နွားပြာနီနှင့် ရှမ်းနွားပုတို့မှာ  အပူပိုင်းဒေသ နွားများနှင့် နီးစပ်ပြီး သမပိုင်းဒေသနွားမျိုးများ ဝေးကွာ လျက်ရှိပါ သည်။ မြန်မာ့နွားမျိုးများ၏   မိခင်မျိုးရိုးသည် သမပိုင်း    ဒေသနွားမျိုးများနှင့်     မျိုးဗီဇဆက်စပ်မှု (Genetic relationship)   မရှိပေ။  တစ်နည်းအားဖြင့် ဆိုရလျှင်     မြန်မာ့နွားမျိုးများ၏    မိခင်မျိုးရိုးသည်  သမပိုင်းဒေသ  နွားမျိုးများနှင့်    ဆွေမျိုးနီးစပ်မှု ဝေးကွာ ပြီး မြန်မာ့နွားမျိုးများတွင်  သမပိုင်းဒေသ နွားမျိုးများ၏ မိခင်မျိုးရိုးများ   ဝင်ရောက်လွှမ်းမိုးမှု၊    မျိုးရိုးဗီဇစီးဝင်မှု  (Genetic introgression) မရှိပေ။ ထို့ကြောင့် မြန်မာ့ နွားမျိုးများသည်    မိမိကိုယ်ပိုင်မျိုးရိုးဗီဇများကို ပိုင်ဆိုင် သော မြန်မာ့နွားမျိုးများ စစ်စစ်ဖြစ်သည်ဟု ဆိုနိုင်ပါ သည်။ မြန်မာ့နွားမျိုးများ၏ တစ်မျိုးနှင့်တစ်မျိုး မျိုးရိုး ဗီဇအကွာအဝေးကို   လေ့လာရာတွင်   ပြာစိမ်းမျိုးနှင့်  ရှမ်းနွားပုမျိုးသည်     အခြားမျိုးများနှင့်   သီးခြားစွာ   တည်ရှိလျက်ရှိပါသည်။ ရွှေနီမျိုးနှင့်  နွားပြာနီမျိုးသည် အကိုင်းတစ်ခုတည်းတွင်   ရှိနေသောကြောင့်  ဆွေမျိုး အလွန်နီးစပ်ပါသည်။

(ခ) မြန်မာ့နွားမျိုးများ၏     မိခင်မျိုးရိုး   ဗီဇအုပ်စု ကွန်ရက်ဆက်နွှယ်မှု

မြန်မာ့နွားမျိုးများတွင်                မိခင်မျိုးရိုးဗီဇအုပ်စု (Maternal Haplogroup) ကို   နက်ဝါ့ခ်  (Network)ဟုခေါ်သော   မျိုးရိုးဗီဇကို     လေ့လာသော   ဆော့ဖ်ဝဲဖြင့် တွက်ချက်၍  ပုံ (၂)တွင်  ဖော်ပြထားပါသည်။ မိခင် မျိုးရိုး ဗီဇအုပ်စုအားဖြင့် မြန်မာ့နွားမျိုးများသည် သမပိုင်းဒေသ နွားမျိုးတွင်    မပါဝင်ဘဲ    အပူပိုင်းဒေသနွားမျို၏ Haplogroup ဖြစ်သော Haplogroup (I)နှင့်   ဆင့်ပွား အုပ်စုဖြစ်သော   Haplogroup (I1), Haplogroup (I1a) နှင့်  Haplogroup (I2) တို့တွင်   တည်ရှိသည်ကို    တွေ့ရ ပါသည်။   ထို့ကြောင့် စာရေးသူ လေ့လာခဲ့သော နွားများ တွင်  သမပိုင်းဒေသ  နွားမျိုးများ၏ မျိုးရိုးဗီဇလွှမ်းမိုးမှု၊ စီးဆင်းဝင်ရောက်မှု မရှိသေးကြောင်း လေ့လာတွေ့ရှိခဲ့ရ ပါသည်။    အပူပိုင်းဒေသနွားမျိုး၏   ဆင့်ပွားအုပ်စု Haplogroup (I2a) သည် အိန္ဒိယရှိ     နွားမျိုးများတွင်     တွေ့ရသော်လည်း    မြန်မာ့နွားမျိုးများတွင်   မရှိသေး ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။

(ဂ) မိခင်မျိုးရိုးများ ကွဲပြားတည်ရှိမှု

မြန်မာ့နွားမျိုးများတွင် Maternal haplotype or Ancestor စုစုပေါင်း ၂၇ ခု တွေ့ရှိရသည်။ တစ်နည်းအားဖြင့် ဆိုရသော် မြန်မာ့နွားမျိုးများတွင် မိခင်မျိုးရိုး ၂၇ မျိုးရှိခဲ့ပြီး ယင်းတို့သည် အခြား ဘိုဘိုင်းဒေး (Bovidae) အုပ်စုဝင်ဖြစ် သော အိန္ဒိယပြောင်၊ အမေရိကန်ပြောင်တို့၏ မိခင်မျိုးရိုး များနှင့် သွေးနီးစပ်မှု မရှိပေ။ ထိုမျှမက သမပိုင်းဒေသနွား မျိုးများ၏ မိခင်မျိုးရိုးများနှင့်လည်း သွေးနီးစပ်မှု မရှိပေ။ ထို့ကြောင့်     မြန်မာ့နွားမျိုးများ၏   မိခင်မျိုးရိုးသည် မျိုးစစ်စစ်အဖြစ် တည်ရှိခဲ့ပါသည်။ စာရေးသူတွေ့ရှိခဲ့သော မြန်မာ့နွားမျိုးများ၏မိခင်မျိုးရိုး ၂၇ ခုအနက် ၁၅ ခုမှာ အမေရိကန်တွင်     အခြေစိုက်တည်ရှိသော   မျိုးရိုးဗီဇ ဘဏ်(GenBank) ရှိ ဇီဝနည်းပညာသတင်းအချက်အလက် အမျိုးသားဗဟိုဌာန    (National   Center   for Biotechnology Information-NCBI) တွင် မှတ်တမ်းတင် စာရင်းထားရှိခြင်း မရှိသေးသော မိခင်မျိုးရိုးများ ဖြစ်ပါ သည်။  အသစ်တွေ့ရှိခဲ့သော   ၁၅ ခုသည် မြန်မာ့နွားမျိုး များတွင်သာ တွေ့ရသော မိခင်မျိုးရိုးဗီဇများဟု ဆိုနိုင်ပါ သည်။ ထို့ကြောင့် မြန်မာ့နွားမျိုးများ၏ မိခင်မျိုးရိုးဗီဇ များသည်  ရှေးယခင်ကပင်   သီးသန့်တည်ရှိခဲ့ပါသည်။ မြန်မာ့နွားမျိုးများတွင်  တွေ့ရှိခဲ့သော  မိခင်မျိုးရိုး ၂၇ ခု ကို    စာရေးသူအနေဖြင့်     မြန်မာ့နွားမျိုးများ၏ Mitochondrial d-loop gene sequence အဖြစ် NCBI တွင် LC377275 မှ  LC377301 ဖြင့်   မှတ်တမ်းတင်ခြင်း (Registration) ကို   ပြုလုပ်နိုင်ခဲ့ပါသည်။

မြန်မာ့နွားမျိုးများအတွက် အနာဂတ်တွင်   ဆောင်ရွက် မည့် အချက်များ

စာရေးသူအနေဖြင့် မြန်မာ့နွားမျိုးများ၏ ဖခင်မျိုး ရိုးများ (Paternal lineages)၊ မျိုးရိုးဗီဇ တစ်ခုလုံး၏ ဒီအင်န်အေအစီအစဉ်တည်ရှိနေမှု    (Whole genome DNA sequencing)၊   စီးပွားရေးအရ  အရေးပါသော မျိုးရိုးဗီဇလက္ခဏာများ   (Economic  important  genetic traits)၊ အခြားအိမ်နီးချင်း နိုင်ငံများရှိ   နွားမျိုး များနှင့်   မျိုးရိုးဗီဇဆိုင်ရာ   ကွဲပြားနိုင်မှု၊   ဆက်စပ်မှုများကို မော်လီကျူလာ နည်းပညာဖြင့် လေလာခဲ့ပါသည်။ ယင်း လေ့လာတွေ့ရှိချက်များကိုလည်း     ဆက်လက်ဖော်ပြနိုင် ရန်    ကြိုးစားလျက်ရှိကြောင်း   တင်ပြအပ်ပါသည်။ အချုပ်အားဖြင့်     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွက် အခွန်ဘဏ္ဍာငွေရှာဖွေပေးနိုင်သော မြန်မာ့နွား၊ အာဟာရပြည့်ဝသော အသား၊    နို့တို့ကို   ထုတ်လုပ်ပေးနိုင် သော မြန်မာ့နွား၊    လယ်ယာစိုက်ပျိုးရေးနှင့်  သယ်ယူ ပို့ဆောင်ရေးတို့တွင်   ယနေ့အထိတိုင်  အသုံးချလျက်ရှိ သော လုပ်အားနှင့်   စိုက်ပျိုးရေးတွင်  အသုံးချလျက်ရှိသော အော်ဂဲနစ်မြေဩဇာတို့ကို   ထုတ်လုပ်ပေးနိုင်သော မြန်မာ့ နွား    စသည့်အချက်များကြောင့်      မြန်မာ့နွားများသည် နိုင်ငံတော်အတွက် အမြဲတမ်း အရေးပါလျက်ရှိကြောင်းနှင့် မြန်မာ့နွားများသည်    မိမိ၏  ကိုယ်ပိုင်မျိုးရိုးဗီဇများကို ပိုင်ဆိုင်လျက်ရှိပြီး    မျိုးရိုးဗီဇ စစ်မှန်သော မြန်မာ့နွားမျိုး စစ်စစ်များအဖြစ် ရှင်သန်လျက်ရှိခဲ့ကြောင်းကို    ဗဟုသုတ အနေဖြင့်   လေးစားစွာဖော်ပြအပ်ပါသည်။      ။

 

မြန်မာ့အလင်း