ကိုယ်ခံအားပါကောင်းစေနိုင်တဲ့ ဆေးဖက်ဝင်ကျွဲကောသီး

အချိုအချဉ်လည်း မပြင်းဘဲ အရည်ရွှမ်းတဲ့ ကျွဲကောသီးလေးစားရတာ ရင်အေးစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝလွန်းလို့ ဆေးဖက်ဝင်အစွမ်းတွေအများကြီးရှိတယ်လို့ ပြောကြပေမယ့် စားကြည့်တော့ ချိုချဉ်လေးရယ်။ အချဉ်တအားမပြင်းဘဲနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်တာ ဘယ်လောက်ကောင်းလိုက်လဲ။ ပြောကြတာတော့ သွေးတိုးကျတယ်၊ အစာကြေတယ်နဲ့၊ တခြားဘာတွေဆေးဖက်ဝင်သေးလဲ ဆက်ပြီးကြည့်ရအောင်…


ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်လဲ


ကိုယ်ခံအားကောင်းစေတယ်


ကျွဲကောသီးမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီရဲ့ ၆၀ဝ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဗီတာမင်စီက သွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်တဲ့ free radicals တွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပါတယ်။ သူ့ကြောင့်ပဲ ချောင်းဆိုး၊ အအေးမိ၊ နာဖျားတာတွေ၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တာတွေကို ကာကွယ်ခုခံနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေကို အားဖြည့်ပေးတာမို့ အအေးမိ၊တုပ်ကွေးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။


(၂) အစာခြေစနစ်ကို ကူညီတယ်


အသီးအနှံတွေမှာ အမျှင်ဓာတ်ပါဝင်လေ့ရှိသလိုပဲ ကျွဲကောသီးမှာ တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ပမာဏရဲ့ ၂၅ ရာခိုင်နှုန်း ပါဝင်လို့ အစာခြေစနစ်ကိုကျန်းမာစေတယ်။ ဝမ်းလျှောတာ၊ ဝမ်းပျက်တာတွေတော်ရုံမဖြစ်ဘူး။ အမျှင်ဓာတ်က အစာခြေရည်တွေထွက်ရှိမှုကို နှိုးဆွပေးပြီး အစာခြေလမ်းကြောင်းအတွင်း လုပ်ဆောင်ချက်တွေ ချောမွေ့အောင် ကူညီပေးတယ်၊ အစာကြေစေတယ်။


(၃) သွေးတိုးကို ထိန်းညှိပေးတယ်


ကျွဲကောသီးမှာ တစ်နေ့တာလိုအပ်တဲ့ ပိုတက်စီယမ်ပမာဏရဲ့ ၃၇ ရာခိုင်နှုန်းလောက် ပါဝင်တယ်။ ပိုတက်စီယမ်ကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီး သွေးလည်ပတ်မှုကို ကောင်းစေတယ်။ နှလုံးကိုလည်း ဝန်အားလျှော့ချပေးပြီး နှလုံးရောဂါအန္တရာယ်တွေ လျော့နည်းစေနိုင်တယ်။


(၄) ကြွက်တက်တာ သက်သာစေတယ်


ကြွက်တက်တာ၊ ကြွက်သားတောင့်တင်းတာတွေအတွက် အရေးပါတဲ့ ခန္ဓာကိုယ်တွင်း အရည်ဓာတ်တွေကို ထိန်းညှိရာမှာ ပိုတက်စီယမ်က အရေးပါပါတယ်။ ပိုတက်စီယမ်ချို့တဲ့ရင် ကြွက်တက်တာ၊ အရွတ်စုတ်တာ၊ ကြွက်သားတွေတောင့်တင်းတာ စတဲ့အကျိုးဆက်တွေဖြစ်လာတတ်ပါတယ်။ ပုံမှန်အားဖြင့် ကြွက်တက်ခြင်းက မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို electrolyte တွေနဲ့ အရည်ဓာတ်တွေ လျော့နည်းလို့ ဖြစ်တတ်တာပါ။


(၅) သွားနဲ့ခံတွင်း ကျန်းမာစေတယ်


ဗီတာမင်စီ ကြွယ်ဝတဲ့ ကျွဲကောသီးက သွားနဲ့သွားဖုံးတွေကျန်းမာစေဖို့လည်း အကျိုးပြုပါတယ်။ ဗီတာမင်စီသာချို့တဲ့မယ်ဆို သွားဖုံးသွေးယိုတာ၊ သွားတွေမခိုင်တာ ဖြစ်လာနိုင်တယ်လေ။ ဒီအသီးမှာပါတဲ့ ကော်လာဂျင်ကြောင့် သွားနဲ့သွားဖုံးတွေကို ကျန်းမာအောင် ထိန်းညှိပေးနိုင်တဲ့အပြင် ဗီတာမင်စီကြောင့် ဘက်တီးရီးယားပိုးဝင်တာတွေ ကာကွယ်ပေးနိုင်တယ်။


(၆) အရိုးသန်မာစေတယ်


ကျွဲကောသီးမှာပါတဲ့ သတ္တုဓာတ်တွေက အရိုးဆဲလ်အသစ်ဖြစ်ပေါ်ခြင်းနဲ့ အရိုးမပျက်စီးအောင်ကာကွယ်ပေးနိုင်တယ်။ ကျွဲကောသီး မကြာခဏ စားပေးရင် အရိုးပွရောဂါ၊ အရိုးပါးရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေတယ်၊ အရိုးကျိုးအက်နိုင်ခြေနည်းစေတယ်။


(၇) ဝိတ်ကျစေနိုင်တယ်


သူ့မှာပါတဲ့ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေကြောင့် ကိုယ်အလေးချိန်ကို တက်စေနိုင်တဲ့ သကြားဓာတ်နဲ့ ကစီဓာတ်တွေကို စုပ်ယူမှုလျော့နည်းစေပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး အဆီလောင်ကျွမ်းမှုကို မြန်စေတဲ့အတွက် အဆီချလိုတဲ့သူတွေ သရေစာအချိုပွဲအဖြစ် စားလို့ရပါတယ်။


(၈) ကင်ဆာကာကွယ်တယ်


ကျွဲကောသီးမှာပါတဲ့ bioflavonoids တွေကြောင့် ပန်ကရိယကင်ဆာ၊ အူလမ်းကြောင်းကင်ဆာ၊ရင်သားကင်ဆာတို့လို ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။


(၉) အနာကျက်မြန်စေတယ်


ဗီတာမင်စီ ကြွယ်ဝတဲ့အသီးဖြစ်လို့ အရေပြားကျုံ့ဆန့်နိုင်စွမ်းပိုကောင်းစေပြီး အနာကျက်ခြင်းကိုမြန်ဆန်စေမယ့် ကော်လာဂျင်ဖြစ်တည်မှုကို အားပေးပါတယ်။
သတိပြုသင့်တာလေးတွေက –


•    ကျောက်ကပ်နဲ့အသည်း မကောင်းသူတွေ၊ ရောဂါရှိသူတွေ၊ သွေးပေါင်ကျတတ်တဲ့သူတွေ များများမစားသင့်ပါဘူး။


•    အလွန်အကျွံစားသုံးရင် ဝမ်းချုပ်တာ၊ ကျောက်တည်တာတွေဖြစ်စေနိုင်ပါတယ်။


ရေးသားသူ-Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”