ကိုယ်ခံအားကောင်းတယ်ဆိုပြီး ဗီတာမင် C တွေ လွန်လွန်ကဲကဲ မှီဝဲမိတဲ့အခါ

ဗီတာမင် C ဟာ ကိုယ်ခံအားစနစ်ကို အကျိုးပြုတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် C က ဝိတ်ကျစေတယ်လို့လည်း လူသိများပါတယ်။ တကယ်တော့ ဗီတာမင် C က သွေးတွင်း ထဲက ကိုလက်စထရောကို လျှော့ချပေးတာပါ။ ကိုယ်အလေးချိန်ကို လျှော့ချပေးတာမဟုတ်ပါဘူး။

 

ဒါပေမယ့်လည်း ဗီတာမင် C ဟာ လူ့ကျန်းမာရေးကို အကျိုးပြုတယ်ဆိုတာကတော့ သေချာပါတယ်။ ဗီတာမင် C ကို မှန်ကန်စွာ မှီဝဲမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။

•           အသားအရေကို တင်းရင်းစေတာ၊

•           အရိုးဖွဲ့စည်းတည်ဆောက်မှုကို အားပေးတာ၊

•           အနာကျက်လွယ်စေတာ၊

•           ကိုလက်စထရောတွေကို အဆီချေဖျက်တဲ့ သည်းခြေရည်အဖြစ် ပြောင်းလဲပေးတာ၊

•           စိတ်ကိုပျော်ရွှင်စေတဲ့ ဆီရိုတိုနင် (Serotonin) ပိုထွက်အောင် အားပေးတာ၊

•           ဓါတ်တိုးဆန့်ကျင်သတ္တိရှိတာ၊

•           ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတာ၊

•           နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးတာ၊

•           ဆီးချိုရောဂါကို ကာကွယ်ပေးတာ၊

•           ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါတွေကိုကာကွယ်ပေးတာ စတာတွေပါပဲ။

ဒီလိုအကျိုးကျေးဇူးများပြားလှတဲ့အတွက်ကြောင့်လည်း လူတွေက ဗီတာမင် C ကို လိုအပ်တာထက်ပိုပြီး မှီဝဲတာမျိုးတွေ ပြုလုပ်လာကြပါတယ်။

 

အထူးသဖြင့် ယခုလို COVID-19 ကာလမျိုးမှာ ဗီတာမင် C ဓာတ်က ကိုယ်ခံအားကောင်းမွန်စေတယ်ဆိုတဲ့အချက်ကြောင့် ပုံမှန်မှီဝဲနေတဲ့အစားအစာတွေအပြင် ဖြည့်စွက်စာတွေ၊ ဆေးဝါးတွေကိုပါ အသုံးချပြီး ဗီတာမင် C ကို မှီဝဲလာကြတာပါ။

 

ဗီတာမင် C ဟာ ကျန်းမာရေးကို အကျိုးပြုပေမယ့် အလွန်အကျွံမှီဝဲမိရင် ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒီအချက်ကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။

 

ဗီတာမင် C ကို အလွန်အကျူးမှီဝဲမိတဲ့အခါ

ဗီတာမင် C လို့ လူသိများတဲ့ ဗီတာမင်ဓာတ်က ရေမှာပျော်ဝင်နိုင်တဲ့ Ascorbic acid ကိုခေါ်ဆိုတာဖြစ်ပါတယ်။ အသီးအနှံတွေနဲ့ ဟင်းရွက်တွေမှာ အဓိကပါရှိပါတယ်။ နေ့စဉ်လုံလောက်မျှတစွာ မှီဝဲစားသောက်ပေးမယ်ဆိုရင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြောင့် ကိုယ်ခံအားစနစ်ကို အထောက်အကူဖြစ်ပေါတယ်။

 

ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ နေ့စဉ် ဗီတာမင် C လိုအပ်ချက်က အနည်းဆုံး ၁၀၀ မီလီဂရမ် ဝန်းကျင်ဖြစ်ပါတယ်။ သူ့ရဲ့ အလွယ်တကူပျော်ဝင်နိုင်တဲ့ အစွမ်းသတ္တိကြောင့် ခန္ဓာကိုယ်က အများဆုံးလက်ခံနိုင်တဲ့ ပမာဏက ၂၀၀၀ မီလီဂရမ်ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း ၁၀၀ မီလီဂရမ် ပမာဏနေ့စဉ် မှီဝဲနိုင်နေဖို့ လိုအပ်တာပါ။

ဒါပေမယ့် တကယ်လို့များ အမြင့်ဆုံးပမာဏထက်ပိုပြီး မှီဝဲမိတဲ့အခါမျိုးမှာ ဘာတွေဖြစ်လာနိုင်လဲဆိုရင်တော့

•           ပုံမှန်မဟုတ်တဲ့ နာကျင်မှုတွေ ခံစားလာရမယ်၊

•           ကြွက်တက်မယ်၊

•           ဝမ်းလျှောမယ်၊

•           ဗိုက်အောင့်၊ ဗိုက်နာမယ်၊

•           ခေါင်းကိုက်မယ်၊

•           အော့အန်မယ်၊

•           အိပ်မပျော်ဖြစ်မယ်၊ စတာတွေပါပဲ။

 

ဒါက ချက်ခြင်းခံစားရမယ့် ဝေဒနာတွေဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက်ဖြစ်လာရင်၊ ဗီတာမင် C လွန်ကဲမှု (Vitamin C Overdose) ဖြစ်လာရင်တော့ အောက်ပါ နာတာရှည်ဝေဒနာတွေကိုပါ ကြုံဆုံရနိုင်ပါတယ်။

•           အစာခြေစနစ် ထိခိုက်တာ၊ ပုံမှန်မဟုတ်တာ၊

•           သံဓာတ်လွန်ကဲစေတာ၊

•           ကျောက်ကပ်မှာကျောက်တည်တာတွေပါပဲ။

ဒါကြောင့် ဗီတာမင် C ကို မှီဝဲရာမှာ သတိထားဖို့နဲ့ သဘာဝအစားအစာတွေကနေသာ အဓိကမှီဝဲဖို့တိုက်တွန်းလိုပါတယ်။ သဘာဝအစားအစာတွေမှာပါရှိတဲ့ ဗီတာမင် C ပမာဏဟာ လူတစ်ယောက်နေ့စဉ်လိုအပ်တာထက်ပိုလျှံနေတာမျိုးဖြစ်နိုင်ခြေမရှိပေမယ့် ဆေးဝါးတွေကနေတဆင့် မှီဝဲမယ်ဆိုရင်တော့ လွန်ကဲတာမျိုးဖြစ်နိုင်ခြေပိုများပါတယ်။

 

ဆေးဝါးကနေတစ်ဆင့် ဗီတာမင် C ကို မှီဝဲမယ်ဆိုရင်အောက်ပါလူမျိုးတွေကိုသာ မှီဝဲစေသင့်တယ်လို့ ဆရာဝန်တွေက လမ်းညွှန်ထားပါတယ်။ သူတို့တွေကတော့

•           အရက်အလွန်အကျွံသောက်သုံးသူများ၊

•           ဆေးလိပ်သောက်သူများ၊

•           နာမကျန်းဖြစ်နေသူများ၊

•           ပိုးသတ်ဆေး သောက်နေသူများ၊

•           အနာသက်သာဆေးသောက်နေသူများ၊

•           ဓါတ်ဆီ၊ ရေနံဆီတွေ နှင့် အမြဲထိတွေ့ကိုင်တွယ်နေရသူများ၊

•           သတ္တုတွင်း၊ သတ္တုပစ္စည်းများ နှင့် ထိတွေ့ကိုင်တွယ်နေရသူများ၊ စတာတွေပါပဲ။

ဒါကြောင့် ဗီတာမင် C ကို ညီညွတ်မျှတစွာမှီဝဲပြီး ခန္ဓာကိုယ်ကြီး ကိုယ်ခံအားကောင်းမွန်ကာ ကျန်းမာသန်စွမ်းစေဖို့ အသုံးချနိုင်ကြပါ။ တစ်ဖက်မှာလည်း တန်ဆေး လွန်ဘေးဆိုတာကို မမေ့ဖို့ သတိပေးစကားဆိုပါရစေ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Zon Aung

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”