ကိုယ်ခံအားစနစ်ကို မြှင့်တင် မိမိကိုယ်ကိုကောင်းစွာစောင့်ရှောက်

ဧပြီ ၁၁

 

လူတစ်ယောက် ကျန်းမာရေးအတွက် ထိုလူ၏ ကိုယ်ခံအားကောင်းနေဖို့က လွန်စွာအရေးကြီးသည်။ ကိုယ်ခံအား ကောင်းမွန်နေမှသာ ပြင်ပမှနေ၍ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာပြီး ရောဂါဖြစ်စေမည့် ရောဂါပိုးမွှားများ၏ဒဏ်ကို ခံနိုင်မည်။ လူတို့ နေထိုင်ရာ ပတ်ဝန်းကျင်တွင် ဗိုင်းရပ်စ်များ၊ ဗက်တီးရီးယားများ၊ ကပ်ပါးကောင်များ သန်းပေါင်းများစွာရှိနေပြီး ၎င်းတို့က ခန္ဓာကိုယ်၏ ကျန်းမာသည့် တစ်သျှူးများကို တိုက်ခိုက်နေကြရာ ခန္ဓာကိုယ်တွင် ခုခံအားစနစ် သို့မဟုတ် ကိုယ်ခံအား ကောင်းမွန်နေမှသာ ရောဂါပိုးမွှားတို့ကို တုံ့ပြန်တိုက်ခိုက်နိုင်မှာဖြစ်သည်။

 

ကိုယ်ခံအားစနစ်ဟု ဆိုရာတွင် ရိုးတွင်းခြင်ဆီမှ ထုတ်သော သွေးဖြူဥဆဲလ် (Leukocytes) များက အဓိက အင်အားစုများဖြစ်ပြီး ၎င်းတို့သည် လူ့ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသည့် ဗိုင်းရပ်စ်များ၊ ဗက်တီးရီးယားများကို ဝိုင်းဝန်းတိုက်ခိုက် သုတ်သင်ရှင်းလင်း ကြသူများဖြစ်သည်။ ကျန်းမာရေးကောင်းမွန်သည့် ပုံမှန်လူတစ်ယောက်၏ သွေးတစ်မိုက်ခရိုလီတာတွင် သွေးဖြူဥ အရေအတွက် ၄ဝဝဝ မှ ၁၁ဝဝဝ ကြား ရှိနေတတ်သည်။ ကိုယ်ခံအား စနစ်ကောင်းမွန်ရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံများကို လူတိုင်းကျင့်သုံးကြရန် လိုအပ်သည်။

 

ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံများဟုဆိုရာတွင် စနစ်ကျသော လက်ဆေးခြင်း အမူအကျင့်နှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုကို အလေးထားခြင်း၊ အာဟာရပြည့်ဝသော အစားအစာများကို စားသုံးခြင်းနှင့် အဆီ၊ အငန်တို့ကို လွန်ကဲစွာ စားသုံးမှု ရှောင်ကြဉ်ခြင်း၊ သန့်ရှင်းသောရေကို လုံလောက်စွာ သောက်သုံးခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေ ဝတ်စားဆင်ယင်နေထိုင်ခြင်း၊ သင့်တင့်မျှတသည့် ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်မှန်မှန်ပြုလုပ်ခြင်း၊ ပင်ပန်းနွမ်းနယ်မှု ပြေပျောက်စေရန် လုံလောက်စွာ အနားယူခြင်း၊ အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်း၊ မူးယစ်ဆေးဝါးနှင့် လိင်အပျော်အပါးတို့ကို လုံးဝရှောင်ကြဉ်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးကို အမြဲဂရုတစိုက် ဆောင်ရွက်ခြင်း၊ စိတ်ဖိစီးမှုနှင့် စိတ်၏ အညစ်အကြေးများကို လျှော့ချကာ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်း၍ နေထိုင်ခြင်းတို့က ခန္ဓာကိုယ်တွင် ကောင်းမွန်သော ကိုယ်ခံအားစနစ်ကို ဖြစ်ပေါ်စေရန် အထောက်အကူပြုမည်ဖြစ်သည်။

 

ကိုယ်ခံအားစနစ် ကောင်းမွန်နေမှ ကျန်းမာနိုင်မည်ဖြစ်သလို ကိုယ်ခံအားစနစ် လျော့နည်းလာပါကလည်း ပင်ပန်းနွမ်းနယ်နေတတ်ခြင်း၊ ကူးစက်ရောဂါများကို ခုခံနိုင်စွမ်းမရှိခြင်း၊ မကြာခဏ ဖျားနာနေတတ်ခြင်းတို့ကြောင့် ကိုယ်ခံအားစနစ် လျော့နည်းစေတတ်သည့် အလေ့အထ အမူအကျင့်များ မိမိတွင်ရှိနေပါက ပြုပြင်ပြောင်းလဲကြရမှာ ဖြစ်သည်။ အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အချိုကြိုက်ခြင်း၊ ဆေးလိပ်အရက် ဘီယာသောက်ခြင်း၊ ရေသောက်နည်းခြင်းတို့ကဲ့သို့သော အမူအကျင့်များက ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို လျော့ကျ စေသည့်အတွက် ရှောင်ကြဉ်ကြရန် ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။

 

ကူးစက်မြန်ကပ်ရောဂါကို ကာကွယ်ကြရာတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်အကြံပြုချက်များကို တိတိကျကျ မှန်မှန်ကန်ကန် လိုက်နာကြရင်း လူတိုင်း လူတိုင်း မိမိတို့၏ ကိုယ်ခံအား ကောင်းမွန်စေရန်လည်း ဂရုပြုကြရမည်ဖြစ်သည်။ ဗိုင်းရပ်စ်ပိုးက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခဲ့သည့်တိုင်အောင် ကောင်းမွန်သည့် ကိုယ်ခံအားစနစ်က တိုက်ခိုက်ချေမှုန်း လိုက်နိုင်ခြင်းကြောင့် ကူးစက်ခံခဲ့ရသော်လည်း ပကတိကျန်းမာ နေသူများ၊ အဖျားအနာ ခံစားခဲ့ရသော်လည်း ပြန်လည်နာလန်ထူ ကောင်းမွန်လာသူများကို သာဓကများအနေဖြင့် မိမိတို့ တွေ့ရှိနေကြရသည့် အားလျော်စွာ မိမိကိုယ်ကိုကောင်းစွာ စောင့်ရှောက်၍ ကူးစက်မြန်ရောဂါကို ကာကွယ်နိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း