ကြိုတင်ကာကွယ်တားဆီး လက်ဦးမှုယူ

၁၈ မတ်

 

တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့နေရသည့် COVID-19 ရောဂါနှင့်ပတ်သက်၍ မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တစ်ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ ထိုသို့ကြေညာလိုက်သည်နှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ထိုရောဂါကို တွန်းလှန်ဖယ်ရှားကာကွယ်နိုင်ရန် အမျိုးသားရေးအသွင်ဖြင့် လှုပ်ရှား ဆောင်ရွက်နေကြသည်။

 

coVID-19 ရောဂါနှင့်ပတ်သက်၍ ရောဂါစတင်ဖြစ်ပွားမှုကို ရှာဖွေနေဆဲဖြစ်ပြီး ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် ကုသပျောက်ကင်းရေးတို့ကို အပြင်းအထန်လုပ်ကိုင်နေကြသည်။ လူအများနေထိုင်ကြသော ဤကမ္ဘာကြီးတွင် ကပ်ရောဂါဘေးအမျိုးမျိုးတို့နှင့် ကြုံတွေ့ခဲ့ရပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးပျက်စီးခဲ့ရသော ကမ္ဘာ့သမိုင်းမှတ်တမ်းများရှိသည်။ သို့သော်လည်း ထိုစဉ်ကာလရှေးရှေးအချိန်အခါက ဆက်သွယ်ရေးကွန်ရက် တိုးတက်မှု မရှိသေးသဖြင့် လူမသိသူမသိဖြင့် ဖြစ်ပြီးနောက်မှသာ သိရှိခဲ့ကြသည်။

 

ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော ပြဿနာအမျိုးမျိုးတို့သည် ဆက်သွယ်မှုကွန်ရက် ခေတ်မီတိုးတက်လာသောကြောင့် ချက်ချင်းဖြစ်၊ ချက်ချင်းသိကာ အုတ်အုတ်ကျက်ကျက် ဖြစ်လာရသည်။ ထိုသို့ သိမှုလျင်မြန်သောကြောင့် တစ်ကမ္ဘာလုံးပျံ့နှံ့သည့် ကပ်ရောဂါပင်ဖြစ်သော်လည်း ဖြစ်ပွားသူ တစ်သိန်းကျော်နှင့် လူအသေအပျောက် ငါးထောင်ကျော်မျှသာ ရှိနေရခြင်းဖြစ်သည်။ သိမှုလျင်မြန်ခြင်းမရှိသေးသော ရှေးရှေးအခါကလည်း ကမ္ဘာပေါ်တွင် ပြဿနာအမျိုးမျိုး၊ ကပ်ရောဂါအမျိုးမျိုး ဖြစ်ခဲ့ကြပါသည်။ မသိမှုကြောင့် လူ့အသက်ပေါင်း သိန်း၊ သောင်း၊ သန်းချီ ဆုံးရှုံးခဲ့ရပါသည်။

 

ထို့ကြောင့်သိမှုသည် လူတို့ဘေးကင်းလုံခြုံရေးအတွက် အလွန်အရေး ကြီးသောအချက်ဖြစ်သည်ကို သတိမူရမည် ဖြစ်သည်။ ယခုဖြစ်ပွားနေသော ကပ်ရောဂါသည် ဖြစ်လျှင်ဖြစ်ချင်း ချက်ချင်းသိရှိခြင်း၊ စနစ်တကျ စီမံဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်သော၊ ထိန်းချုပ်နိုင်သော ရောဂါဖြစ်သည်ဟု ပြောနိုင်ပါသည်။ COVID-19 ရောဂါစတင်ဖြစ်ပွားရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဂူဟန်မြို့တွင် ရောဂါအသစ်၏ဖြစ်စဉ်ကို သိရှိနိုင်ခြင်း မရှိသေးသဖြင့် တဖြည်းဖြည်းအရှိန်ရကာ ကျယ်ပြန့်သွားခြင်းဖြစ်သည်။ ဥရောပတိုက်မှ အီတလီနိုင်ငံသည်တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားနေသည်ကို သိရှိသော်လည်း နိုင်ငံအတွင်း၌ ကြိုတင်ပြင်ဆင်မှုအသိနည်းခဲ့သဖြင့် သေဆုံးနှုန်းမြင့်တက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

 

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည်။ လက်ရှိတွင် ကမ္ဘာပေါ်၌ နိုင်ငံပေါင်း ၁၅၀ ဝန်းကျင် ကူးစက်ပျံ့နှံ့နေသော်လည်း ရောဂါမဖြစ်သေးသည့် နိုင်ငံ ၅၀ ဝန်းကျင်တွင် မြန်မာနိုင်ငံပါဝင်နေသည်မှာ COVID-19 ရောဂါဖြစ်နေသူ မြန်မာနိုင်ငံသို့ ရောက်မလာခြင်းကြောင့်ဟု ဆိုရမည်ဖြစ်သည်။ ထိုရောဂါ နှစ်လကျော် သုံးလနီးပါး၊ ကမ္ဘာ့နိုင်ငံအားလုံးနီးပါး ဖြစ်ပွားနေသောအချိန်တွင် မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူ မရှိသေးသောကြောင့်သာ ယနေ့အချိန်အထိ ပုံမှန်ရပ်တည်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ 

မည်သို့ပင်ဖြစ်စေ ရင်ဆိုင်ရနိုင်ဖွယ်ရှိသည့် covID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစိန်ခေါ်မှုများအား မည်သို့ကာကွယ်ကိုင်တွယ် ကျော်လွှားရမည်ကို နိုင်ငံတော်အစိုးရက အစောပိုင်းမှ စ၍ ယနေ့အချိန်အထိ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ်ကျရောက်လာနိုင်မည့် ပြဿနာများ ကာကွယ်ဖြေရှင်းရေးကို မျက်ခြည်မပြတ် လေ့လာဆောင်ရွက်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

 

သို့သော် နိုင်ငံတော်အစိုးရက COVID-19 ရောဂါနှင့်ပတ်သက်၍ စနစ်တကျ ကြိုတင်စီမံဆောင်ရွက်နေသော်လည်း ရောဂါဖြစ်သည်ကို ချက်ချင်းမသိလျှင်၊ ချက်ချင်းအသိမပေးလျှင်၊ ချက်ချင်းပူးပေါင်းပါဝင်ခြင်း မရှိလျှင် ဖြစ်ပွားမှုကိုထိန်းချုပ်ရန်ခက်မည် ဖြစ်သည်။ ထို့ကြောင့် ပြည်သူ အများ ရောဂါကင်းဝေးဘေး ကင်းလုံခြုံရေးအတွက် သိမှုသည် အလွန်အရေး အကြီးဆုံးအချက်ဖြစ်၍ ပြည်သူများကပင် COVID-19 ရောဂါနှင့်ပတ်သက်၍ သိလျှင်သိချင်း နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအသိပေးခြင်းဖြင့် ကြိုတင်ကာကွယ်တားဆီး လက်ဦးမှုရယူကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ