ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်နိုင်ရန် ပြည်သူလူထုအတွင်း သတင်းအမှန်များရရှိစေရန် မီဒီယာများနှင့် တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်

ရန်ကုန် ၆ မတ်

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်နိုင်ရန်၊ ပြည်သူလူထုအတွင်း သတင်းအမှန်များရ ရှိစေရန် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Chatrium Hotel ၌ ပြုလုပ်သည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က “Introduction and current epidemiological situation containment and control of (COVID-19)(Global and Myanmar situation) အကြောင်းအရာနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇင်မာဦးက (COVID-19) hospital preparedness အကြောင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အမျိုးသားကျန်းမာရေးဆိုင်ရာဓါတ်ခွဲဌာန (NHL) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဥမ္မာဆွေတင်က Laboratory testing for (COVID-19) in Myanmar အကြောင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Current (COVID-19) situation and media relation  အကြောင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (eHealth) ဒေါက်တာထူးမြင့်ဆွေက (COVID-19)နှင့် e Health ဌာနခွဲမှ ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုးက Media Advocacy and collaborative roles of Media against (COVID-19) နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားသည်။

 

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က “အဓိက ဒီရောဂါရဲ့သဘာဝက လူကနေတစ်ဆင့် လူကို ကူးတဲ့အနေအထားပါ။ လောလောဆယ် အနေအထားအရ ရောဂါပိုးရဲ့သဘာဝကို တိတိကျကျမပြောနိုင်သေးဘူး။ အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် ကူးတယ်လို့ ယူဆရတယ်။ သူရဲ့အုပ်စုဖြစ်တဲ့ ကိုရိုနာကို ပြန်ကြည့်လိုက်ရင် SARS ဖြစ်ခဲ့တယ်။ MARS ဖြစ်ခဲ့တယ်။ ဒီပေါ်မှာ မူတည်ပြီးတော့ အသက်ရှူလမ်းကြောင်းက ကူးတယ်ဆိုတဲ့ အနေအထားရှိတယ်။ အသက်ရှူလမ်းကြောင်းက ကူးပြီး ချောင်းဆိုး၊ နှာချေရာက ထွက်လာတဲ့ အမှုန်အမွှားကနေ ရောဂါပိုးပါလာပြီးတော့ဖြစ်တာပါ။ ဒီအပေါ်မှာမူတည်ပြီးတော့ ကာကွယ်ရေး လုပ်ငန်းတွေကို အကြံပေးတယ်။ မိမိမှာ နှာချေ၊ ချောင်းဆိုး၊ ကိုယ်ပူတာရှိရင် မိမိကတစ်ဆင့် သူများကို ရောဂါကူးစက်မှု မရှိစေဖို့အတွက် လူစုလူဝေးရှိတဲ့နေရာ မသွားသင့်ဘူး။ ဒီလိုလူမျိုးတွေကတော့ အတတ်နိုင်ဆုံး အိမ်မှာပဲ နေသင့်တယ်။ မိမိကစပြီး ကာကွယ်ဖို့အတွက်။ မဖြစ်မနေသွားရမယ်ဆိုရင် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေသုံးပါ။ ဒါမှလည်း သူများကို ဒီရောဂါကူးစက်မှုမရှိစေမှာပါ။ ဒါကိုလည်း စနစ်တကျ သုံးဖို့လိုတယ်” ဟု ပြောသည်။

 

အပူပိုင်းနှင့်ကူးစက်ရောဂါပညာဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် မှ ပါမောက္ခ ဒေါက်တာ စံပယ်ဖြူက “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့် အချက်တွေအားလုံးကို လိုက်နာစေချင်ပါတယ်။ လူနာက စောင့်ကြည့်လူနာပဲဖြစ်ဖြစ်၊ သံသယလူနာပဲဖြစ်ဖြစ် ကျွန်မတို့ဘက်ကလည်း အတတ်နိုင်ဆုံး ဆေးရုံတွေမှာ ကုသမှုတွေကို အကောင်းဆုံးပေးဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး ပြင်ဆင်ထားမှုတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ဒီရောဂါရဲ့ ဘေးကနေ ကျွန်မတို့နိုင်ငံကင်းဝေးစေဖို့အတွက် မျိုးစုံကြိုးစားကြပါသော်လည်း တစ်ချိန်ချိန်မှာ ကြုံတွေ့လာစရာအကြောင်းတွေလည်း ရှိလာနိုင်ပါတယ်။ ဒီအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြတာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေက အလွန်သေးငယ်ပါတယ်။ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ လိုပါတယ်။ အခုအချိန်အထိ အတည်ပြုလူနာ မတွေ့ရှိကြသေးပါဘူး။ စောင့်ကြည့်လူနာနဲ့ သံသယလူနာနဲ့ပဲ ကုသနေရပါသေးတယ်။

 

အထူးကုဆေးရုံကြီး ဝေဘာဂီအနေနဲ့ ပြုစုကုသရမယ့် လုပ်ငန်းအားလုံးကို ပြည်သူလူထု အားလုံးက ရှင်းရှင်းလင်းလင်းလေး သိရှိစေချင်ပါတယ်။ ၁၄ ရက်ထားမယ် ဆိုရင်လည်း လိုက်နာဆောင်ရွက်ပေးကြဖို့ ပြောချင်ပါတယ်။ ဝေဘာဂီဆေးရုံက လွှဲပြောင်းပေးတဲ့လူနာတွေကို ကုသပေးနေတဲ့ အဓိကနေရာ ဖြစ်တဲ့အတွက်ကြောင့် စနစ်တကျလွှဲပြောင်းလာတဲ့လူနာတွေ၊ အထူးသဖြင့် လေယာဉ်ကွင်းက လာတဲ့လူနာတွေ၊ ဆေးရုံတွေက စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ဖွယ်ရာရှိတဲ့ လူနာတွေကို ကုသရေးအတွက် ကော်မတီရှိပါတယ်။ ကုသရေးကော်မတီကနေပြီးတော့ ဒီလူနာကတော့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်သင့်ပါတယ်ဆိုရင် ကျွန်မတို့က ကုသရေး ဗဟိုကော်မတီကနေ ချမှတ်တဲ့ လူနာတွေအားလုံးကို စောင့်ကြည့် ကုသလူနာအဖြစ် စောင့်ရှောက်မှုတွေ ပေးနေပါတယ်” ဟု ပြောသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းရာ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

 

ယနေ့ မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ပြည်သူလူထုအနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19)ရောဂါနှင့် ပတ်သက်သော သတင်းအမှန်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အတည်ပြုထားသော သတင်းများရယူနိုင်ရန်၊ ကူးစက်ရောဂါ နှင့်ပတ်သက်သော ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအား သိရှိစေရန်နှင့် မမှန်ကန်သော သတင်းအမှားများ ပြည်သူလူထုအတွင်း မပြန့်ပွားစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းများနှင့် တိုက်ဆိုင်စစ်ဆေး၍ သတင်းအမှန်များဖြစ်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ဇော်မင်းလတ်)