ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသိပညာမြှင့်တင်ရေးလှုပ်ရှားမှု မန်းရေနံမြေနှင့် မင်းဘူးမြို့တွင် စတင်

မင်းဘူး ၁ ဧပြီ

MPRL E&P ကုမ္ပဏီ၏ CSR လုပ်ငန်းအဖွဲ့ကဦးစီး၍ မင်းဘူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံစေတနာ့ ဝန်ထမ်းများ ပူးပေါင်းကာ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) နှင့်ပတ်သက်သည့် အသိပညာမြှင့်တင်ရေး လှုပ်ရှားမှုကို မန်းရေနံမြေ ထိစပ်ကျေးရွာ (၁၄)ရွာနှင့် မင်းဘူးမြို့တို့တွင် ယခု သီတင်းပတ်အတွင်း စတင်ဆောင်ရွက်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) နှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များ ပါဝင်သည့် ပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ အသိပညာပေး တေးသီချင်းများဖြင့် ကျေးရွာအလိုက် လှည့်လည်ကာ အသိပညာမျှဝေခဲ့သည်။ ထို့ပြင် မင်းဘူးမြို့ရှိ လူစည်းကားရာ နေရာများနှင့် အများပြည်သူ သွားလာလှုပ်ရှားရာ နေရာများတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် ကျန်းမာရေးအသိပညာ တိုးတက်ရရှိစေမည့် လက်ကမ်းစာစောင်များကို ကျန်းမာရေးဝန်းထမ်းများ၊ ဒေသခံစေတနာ့ ဝန်ထမ်းများနှင့် CSR ဝန်ထမ်းများက လိုက်လံဝေငှခဲ့သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် MPRL E&P  သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီးကာကွယ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း တစ်ဦးချင်း အလေးထားလိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေးလှုပ်ရှားမှုကို လူမှုတာဝန်သိလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

သတင်းစဉ်