ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို လူငယ်များလျစ်လျူရှုနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲပြောကြား

ဂျီနီဗာ ၁  ဩဂုတ်

ဥရောပနိုင်ငံအချို့တွင် လူငယ်များ၏ လျစ်လျူရှုမှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ပြန်လည်ဦးမော့လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့စ်အက်နွန်ဂါဘရီယီဆက်က ပြောကြားသည်။

ပြင်သစ်၊ စပိန်နှင့် ဥရောပ၏ အခြားဒေသများရှိ ကမ်းခြေများနှင့် ညကလပ်များတွင် လူငယ်များစုရုံးရာမှ အစုလိုက်အပြုံလိုက် ကူးစက်မှုများ မြင့်တက်လာကြောင်း ၎င်းက ပြောကြားသည်။

''လူငယ်တွေလည်း ဒီရောဂါက မလွတ်မြောက်နိုင်ပါဘူး။ သူတို့လည်း သေဆုံးနိုင်ပါတယ်။ အခြားသူတွေကိုလည်း ကူးစက်နိုင်ပါတယ်။ လူငယ်တွေအနေနဲ့ နှာခေါင်းစည်းတွေ ဝတ်ဆင်ရမှာဖြစ်ပြီး လူထူထပ်ရာနေရာတွေကိုလည်း ရှောင်ရှားရပါမယ်''ဟု ၎င်းက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ နည်းပညာတာဝန်ရှိသူ မာရီယာဗန်ခရော့ ကိုဘီက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများတွင် အသက်ရှူရ ခက်ခဲခြင်းနှင့် နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲရှိခြင်းတို့ကို တွေ့ရှိရကြောင်း ပြောကြားသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- စိုးသူရ