ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု မြင့်တက်လာချိန်တွင် ဝန်ထမ်းပြတ်လပ် အမေရိကန်လေကြောင်းလိုင်းခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်း

ဝါရှင်တန် ဇန်နဝါရီ ၁၃

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာချိန်တွင် ဝန်ထမ်းပြတ်လပ်မှုကြောင့် အမေရိကန် ပြည်ထောင်စုတွင် လေကြောင်းလိုင်းခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်းခဲ့သည်။

 

ယူနိုက်တက် လေကြောင်းလိုင်းက ဝန်ထမ်း ၃၀၀၀ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားခဲ့ကြောင်း ပြောကြားလိုက်သည်။

 

ယူနိုက်တက် အမှုဆောင်အရာရှိချုပ် စကော့ကာဘီက ဇန်နဝါရီ ၁၁ ရက်တွင် ဝန်ထမ်းများထံသို့ ပေးပို့သည့် အီးမေးလ် တစ်စောင်တွင် အဆိုပါအချက်ကို ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ နယူးဂျာစီပြည်နယ် နီဝက် လေဆိပ်တွင် တစ်နေ့တည်းကို လုပ်သားထု သုံးပုံတစ်ပုံ ဖျားနာခဲ့ကြောင်း ထပ်လောင်းဖော်ပြခဲ့သည်။

 

သို့သော်လည်း ကာကွယ်ဆေး ထိုးထားသည့် ဝန်ထမ်းများမှာ ဆေးရုံတက်ရောက်ရခြင်း မရှိကြောင်းနှင့် သီတင်းပတ် ရှစ်ပတ် အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသတင်းဖော်ပြခြင်း မရှိ သေးကြောင်း ပြောကြားခဲ့သည်။

 

အိုမီခရွန် ဗိုင်းရပ်စ်သည်  အမေရိကန်ပြည်ထောင်စုတစ်ဝန်း ကူးစက်ပျံ့နှံ့လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စု ရှိလေကြောင်းလိုင်းများသည် ဝန်ထမ်းပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။

 

အင်န်အိတ်ချ်ကေ