ကိုရိုနာဗိုင်းရပ်စ်ကို အချိန်တိုအတွင်းတိုက်ဖျက်နိုင်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ပြောကြား

ဂျီနီဗာ ၂၃ ဩဂုတ်

 

ကမ္ဘာပေါ်တွင်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ၁၉၁၈ ခုနှစ်တွင် စပိန်၌ဖြစ်ပွားသော တုပ်ကွေးရောဂါနှင့်နှိုင်းယှဉ်ပါက အချိန်တိုအတွင်း တိုက်ဖျက်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအားလုံး၏ညီညွတ်မှုဖြင့် ကာကွယ်ဆေးကို ရှာတွေ့ပါက အချိန်အားဖြင့် နှစ်နှစ်မတိုင်မီ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့စ် အက်ဇွန်ဂါ ဘရီယီဆက် က ဩဂုတ် ၂၁ ရက်တွင် ပြောကြားသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို ဆောင်ရွက်နေသော်လည်း ယခုအချိန်အထိ အတည်ပြုဆေးဝါးမရရှိသေးကြောင်း သိရသည်။ တီဒရော့စ်က ၁၉၁၈ ခုနှစ်တွင် ဖြစ်ပွားသော စပိန်တုပ်ကွေး ရောဂါကို တိုက်ဖျက်ရန် အချိန်နှစ်နှစ်ယူခဲ့ရကြောင်း ပြောကြားသည်။

 

ယခုအချိန်တွင် နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ကိုရိုနာဗိုင်းရပ်စ် ရောဂါပျံ့နှံ့မှုများပြားခဲ့ကြောင်း တီဒရော့စ် က ပြောကြားသည်။ တစ်ဖက်တွင်လည်း နည်းပညာတိုးတက်လာမှုကြောင့် ရောဂါတိုက်ဖျက်ရေးအတွက် နည်းလမ်းများကို တွေ့ရှိကြောင်း ၎င်းကပြောကြားသည်။ ရောဂါတိုက်ဖျက်ရေးအတွက်နိုင်ငံတိုင်း တွင် အမျိုးသားစည်းလုံးညီညွတ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ညီညွတ်မှုတို့ရှိရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ကမ္ဘာပေါ်တွင်ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် လူ ၂၂ သန်းကျော် ရောဂါကူးစက်ခဲ့ပြီး လူ ၈၀၀၀၀၀ ခန့် သေဆုံးခဲ့ကာ စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်ခဲ့သည်။ ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် လုပ်ငန်းခွင်မှ ခွင့်ယူထားသောဝန်ထမ်းများအား အစိုးရမှထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သဖြင့် အစိုးရသည် ကြွေးမြီ ဗြိတိန်ပေါင် ၂ ထရီလီယံတင်နေသည်။ ဂျာမနီနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားချိန် နိုင်ငံစီးပွားရေးကျဆင်းသောကြောင့် ချေးငွေများရယူနေရသည်။ ဂျာမနီနှင့် စပိန် ၊ တို့တွင် အသွားအလာကန့်သတ်မှုများ ဆောင်ရွက်နေရသည်။ အင်္ဂလန်နိုင်ငံ မြောက်ပိုင်းတွင် အစုလိုက်အပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းရှိ၊ မရှိကို တာဝန်ရှိသူများက ကြည့်ရှုနေသည်။ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို တိုက်ဖျက် နိုင်ရန်အတွက် ဆောင်ရွက်နေသည်ဟု ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်စ်ဟန်း ကော့ က ပြောကြားသည်။

 

ကိုးကား-စီအင်န်အေ၊ ဘာသာပြန်-စိုးသူရ