ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာအသင်းယှဉ်ပြိုင်နေသည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ရွှေ့ဆိုင်းဖွယ်ရှိနေ

၅ မတ်

ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲများကို ရွှေ့ဆိုင်းဖွယ်ရှိနေကြောင်း သိရသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် မတ်နှင့် ဇွန်လတွင် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကို ရွှေ့ဆိုင်းရန် စီစဉ်ထားပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ အတည်ပြုထုတ်ပြန်မည် ဖြစ်သည်။


အာရှဘောလုံးအဖွဲ့ချုပ်သည် မတ် ၂ ရက်က အစည်းအဝေးပြုလုပ်ခဲ့ပြီး ပွဲစဉ်များရွှေ့ဆိုင်းရန် ဆွေးနွေးကာ ဖီဖာမှ တာဝန်ရှိသူများနှင့် မတ် ၇၊ ၈ ရက်တွင် ထပ်မံဆွေးနွေးကာ အတည်ပြုမည် ဖြစ်သည်။ ယခင်ရေးဆွဲထားသည့် ပွဲစဉ်အရ ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲများမှာ ဇွန်လတွင် ပြီးဆုံးမည်ဖြစ်ပြီး မြန်မာအသင်းသည် မတ်လတွင် နှစ်ပွဲ၊ ဇွန်လတွင် တစ်ပွဲကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် မတ် ၂၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် ၉ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းပွဲများ ကစားရမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ပွဲစဉ်များရွှေ့ဆိုင်းဖြစ်ခဲ့ပါက စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခင်က ယခုလအတွင်းကစားမည့် ခြေစစ်ပွဲအတွက် မတ် ၁၂ ရက်တွင် စတင်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ပွဲစဉ်ပြောင်းလဲခြင်း ရှိ၊ မရှိ အတည်ပြုပြီးမှသာ လေ့ကျင့်ပြင်ဆင်မည့် အစီအစဉ်များကို အတည်ပြုမည်ဖြစ်သည်။


မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ငါးပွဲကစား ခြောက်မှတ်ရထားပြီး အုပ်စု (F) တွင် စတုတ္ထနေရာ၌ ရပ်တည်လျက်ရှိသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်