ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသစ်ကြောင့် ကပ်ရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

ဂျီနီဗာ ၁၁ နိုဝင်ဘာ  

 

Pfizer ဆေးဝါးလုပ်ငန်းက ဂျာမနီဆေးဝါးလုပ်ငန်းဖြစ်သည့် BioNTech နှင့် ပူးပေါင်းပြီး ကမ္ဘာပေါ်တွင် ၂၀၂၁ ခုနှစ် မတ်လအတွင်း ထုတ်လုပ်ရန်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဆင်းရဲသည့် နိုင်ငံများသို့ ဖြန့်ဖြူးပေးသွားရန် စီစဉ်ထားကြောင်း၊ အဆိုပါဆေးသည် ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို လျော့ကျစေမည်ဟု မျှော်လင့်ထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူ ဘရုစ် အိုင်းဝတ်စ်က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားသည်။

 

Pfizer မှ ယခုလက်ရှိ စမ်းသပ်နေသော ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ထိရောက်မှုများရှိသည်ကို တွေ့မြင်ရကြောင်း ဘရုစ်အိုင်းဝတ်စ်ကပြောကြားသည်။ အဆိုပါဆေးဝါးကို ထပ်မံစမ်းသပ်မှုများ လုပ်ဆောင်ရဦးမည်ဖြစ်ပြီး ယခုတွေ့ရှိချက်များမှာ ပဏာမ တွေ့ရှိချက်များသာဖြစ်ကြောင်း၊ သို့သော် ကမ္ဘာပေါ်ရှိလူသားများ အသုံးပြုရန် ယခုဆေးဝါးတွင် မျှော်လင့်စရာအချက်များကို တွေ့ရှိနေရပြီး ၎င်းအချက်များကို အတည်ပြုနိုင်ရန် မိမိတို့ ရှေ့ဆက်ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရလဒ်များကြောင့် လာမည့်နှစ် မတ်လအတွင်း ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ကျရန် ဆောင်ရွက်သွားနိုင်မည်ဟု မိမိမျှော်လင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

၎င်းတို့ထုတ်လုပ်မည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ ထိရောက်မှုရာခိုင်နှုန်းမှာ ၉၀ ကျော်အဆင့်တွင် ရှိကြောင်း Pfizer ဆေးဝါးလုပ်ငန်းက ပြောကြားခဲ့မှုကြောင့် အဆိုပါဆေးဝါးအပေါ်တွင် လူထု၏ မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

 

မိမိတို့ပူးပေါင်းထုတ်လုပ်သည့် ယခုဆေးဝါးအား အရေးပေါ်ကုသမှုတွင် အသုံးပြုနိုင်ရန် တာဝန်ရှိသူများထံမှ ခွင့်ပြုမိန့် အလျင်အမြန်ရရှိအောင် ဆောင်ရွက်သွားမည်ဟု Pfizer နှင့် BioNTech ဆေးဝါးလုပ်ငန်းတို့က ပြောကြားသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက် လျှော့ချရေးအတွက် လုံလောက်သော ပစ္စည်းကိရိယာများ ရှိနေပြီး ရောဂါစမ်းသပ်မှုများကိုလည်း အများအပြား ဆောင်ရွက်နိုင်ခဲ့ကြောင်း ဘရုစ် အိုင်းဝတ်စ်က ပြောကြားသည်။ သို့သော် ရန်ပုံငွေ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံခန့် လိုအပ်ခဲ့ခြင်းကြောင့် ကမ္ဘာပေါ်ရှိ ဝင်ငွေနည်းပါးသော နိုင်ငံများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ရန်နှင့် ကိုဗစ်-၁၉ ရောဂါရှာဖွေ စမ်းသပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိနိုင်ကြောင်း ၎င်းက ပြောကြားသည်။

 

ကိုးကား- စီအင်န်အေ

ဘာသာပြန်-စိုးသူရ