ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်မှု ပူးပေါင်းဆောင်ရွက်ရန် ရုရှားသမ္မတနှင့် ဘီလာရုစ်သမ္မတတို့ သဘောတူညီခဲ့

မော်စကို ၂၆  ဩဂုတ်

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုတို့သည် ရုရှားနိုင်ငံက ထုတ်လုပ်လျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တစ်မျိုးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန် သဘော တူညီခဲ့ကြသည်။

ဗလာဒီမာပူတင်နှင့် အလက်ဇန်းဒါးလူကာရှန်ကို တို့သည် ဩဂုတ် ၂၄ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးစဉ်အတွင်း အထက်ပါအတိုင်းသဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဘီလာရုစ်နိုင်ငံပိုင် သတင်းအေဂျင်စီ ဘယ်လ်တာက သတင်းဖော်ပြခဲ့သည်။

ရုရှားနိုင်ငံက ထုတ်လုပ်လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် လက်တွေ့စမ်းသပ်မှုဆိုင်ရာ နောက်ဆုံးအဆင့်တွင် ဘီလာရုစ်နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရုရှားသမ္မတနှင့် ဘီလာရုစ်သမ္မတတို့က သဘောတူညီခဲ့ကြကြောင်း အဆိုပါသတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။ ဘီလာရုစ်သမ္မတ လူကာရှန်ကိုသည် ဩဂုတ် ၉ ရက် တွင် ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိကာ သမ္မတသက်တမ်းကို ခြောက်ကြိမ်မြောက်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရခြင်းဖြစ်သည်။

ဘီလာရုစ်နိုင်ငံသည် ရုရှားနိုင်ငံက ထုတ်လုပ်လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လက်ခံရရှိမည့် ပထမဆုံးသော ပြည်ပနိုင်ငံဖြစ်လာမည် ဖြစ်ကြောင်းလည်း သိရသည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နိုင်ငံ၏ ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ ဩဂုတ် ၁၁ ရက်တွင် တရားဝင်အတည်ပြု ကြေညာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေး ၏ ဘေးကင်းလုံခြုံမှုနှင့် ထိရောက်မှုတို့နှင့်စပ်လျဉ်း၍ သံသယရှိနေကြောင်း အနောက်နိုင်ငံများမှ မီဒီယာများက သတင်းဖော်ပြခဲ့ကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်