ကိုရိုနာဗိုင်းရပ်စ် (COVID - 19) တိုက်ဖျက်ရန် ကြိုးပမ်းမှုများတွင် ပြည်တွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းမှ စေတနာထက်သန်စွာဖြင့် ကူညီပံ့ပိုးမှုများအတွက် အထူးကျေးဇူးတင်ရှိခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကိုကမ္ဘာလုံးဆိုင်ရာကူးစက်ပျံ့နှံ့သောကပ်ရောဂါအဖြစ် သတ်မှတ် ကြေညာခဲ့ချိန်မှစ၍ ယနေ့အချိန်အထိ ကမ္ဘာတစ်ဝန်း၌ ရောဂါ ကူးစက်ခံရသူတစ်သန်းကျော်သွားခဲ့ပြီး၊ သေဆုံးသူဦးရေ(၆၄,၀၀၀) ထိရှိလာခဲ့ပြီဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေး မှူးချုပ် ပြောကြားခဲ့သည့်အတိုင်း အဆိုးရွားဆုံးအခြေအနေများ ကိုပင် ပြန်လည်ကောင်းမွန်လာစေနိုင်ပြီး၊ ယင်းကူးစက်ရောဂါပိုး အား ပြန်လည်ခုခံတွန်းလှန်နိုင်ခဲ့သည့် နိုင်ငံအချို့၏အတွေ့အကြုံများသည် ကျန်ကမ္ဘာ့နိုင်ငံများအတွက် မျှော်လင့်ချက်နှင့် သတ္တိခွန်အား ဖြစ်စေပါသည်။ ဥပမာကောင်းတစ်ခုမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ပြီး၊ တရုတ်အစိုးရက ချီးကျူးဖွယ်ရာ ထိရောက် သည့် ထိန်းချုပ်မှုအစီအမံများကို ဆောလျင်စွာ ချမှတ်ဆောင်ရွက် ခဲ့ခြင်းကြောင့် ရောဂါပိုးကူးစက်မှုဒဏ်ကို ပထမဦးဆုံးနှင့် အပြင်း ထန်ဆုံး တွေ့ကြုံခံစားခဲ့ရသည့်ဒေသများကို ထိန်းချုပ်နိုင်ခဲ့ပြီး မူလအခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာစေခဲ့ပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၌ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်တားဆီးရေး အစီအမံများကို စောစီးစွာ ကြိုတင်ဆောင်ရွက်ခဲ့သော်လည်း COVID-19 ရောဂါပိုးသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊ ပထမဆုံးကူးစက်မှုခံရသည့် လူနာကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ မှ ရောက်ရှိလာသူများမှ ရောဂါပိုးဝင်ရောက်မှုနှင့် ကူးစက်ပျံ့နှံ့မှု ကို ထိန်းချုပ်နိုင်ရန်တို့အတွက် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်ဝင်ဗီဇာများ ထုတ်ပေးမှုကို ရပ်ဆိုင်းခြင်းနှင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် လေယာဉ်ခရီးစဉ်များ အားလုံးကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၃ ရက်ထိရပ်ဆိုင်းခြင်းစသည့် အစီအမံများကိုအရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ကုန်သွယ်ရေး၊ ဆေးဘက်ဆိုင်ရာအထောက် အကူပစ္စည်းများနှင့် ပိတ်မိနေသည့် ပြည်ပခရီးသွားဧည့်သည်များ ပြန်လည်ထွက်ခွာနိုင်ရေးတို့အတွက် အထူးစီစဉ်ဆောင်ရွက်ပေး ခဲ့ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် စွမ်းဆောင်ရည်နှင့် အရင်းအမြစ် များ အကန့်အသတ်ကြားမှပင် COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့ မှု ထိန်းချုပ်ရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကြောင့် နိုင်ငံ၏ စီးပွားရေးအပေါ် ထိခိုက်လာနိုင်သည့် အကျိုးဆက်များ လျော့နည်း စေရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှုများဖြင့် စွမ်းစွမ်း တမံကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် ပြည်သူလူထု၏ ညီညွတ်မှုစွမ်းအားနှင့် မိတ်ဆွေများ၊ မိတ်ဖက် နိုင်ငံများ၏ ကူညီပံ့ပိုးမှုတို့ကိုရယူကာ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကိုကျော်လွှားနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ COVID-19 ကြောင့် စီးပွားရေးအရ ထိခိုက်မှုလျော့နည်းစေရန်အတွက် အစိုးရ၏မတည်ထည့်ဝင်ငွေကျပ်တစ်ရာဘီလီယံဖြင့် COVID-19 တုံ့ပြန်ရေးရန်ပုံငွေကို ထူထောင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် COVID-19 ရောဂါတိုက်ဖျက် ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အခြားရန်ပုံငွေတစ်ရပ် ကိုလည်း ထူထောင်ထားပါသည်။

ပြည်တွင်းမှ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ကုလသမဂ္ဂ အဖွဲ့ကြီးနှင့် လက်အောက်ခံအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများက ငွေအား၊ လူအားဖြင့် ကူညီထောက်ပံ့လျက်ရှိကြပါသည်။ နိုင်ငံတစ်ဝှမ်းမှ ဒေသခံပြည်သူ များအနေဖြင့်လည်းCOVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်လာကြသည့် အားလျော်စွာ အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုများနှင့်အညီ ရောဂါကာကွယ် တားဆီးရေးအစီအစဉ်များကို မိမိတို့ရပ်ရွာဒေသအလိုက် တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိကြပါသည်။

COVID-19 တိုက်ဖျက်ရေး အောင်မြင်ရေးအတွက် အဓိက သော့ချက်မှာ ပြည်သူလူထုပင်ဖြစ်ပါသည်။ နိုင်ငံတော်၏ ဤကူးစက် ရောဂါတိုက်ဖျက်ရေးတုံ့ပြန်မှုတွင် ထိန်းချုပ်ရေးနှင့်ကုသရေးသာမက ယင်းရောဂါပိုးသစ်အကြောင်းပြည်သူများအားပညာပေးရေးနှင့် ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ အား ပြည်သူများက တိကျစွာလိုက်နာရန်အတွက် ပူးပေါင်း ဆောင်ရွက်ရေးသည်လည်း အလွန်အရေးကြီးပါသည်။ ဤကိစ္စ နှင့် ပတ်သက်၍ အစိုးရအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားခဲ့စေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့သောတုံ့ပြန်ရေးအစီအမံများကို အကျဉ်းသားများ၊ နေရပ်စွန့်ခွာနေရသူ များ၊ ပြည်ပမှပြန်လာသူများနှင့် နယ်စပ်မှတစ်ဆင့် ပြန်လည် ဝင်ရောက်လာသည့် အလုပ်သမားများအပါအဝင် အလွှာအသီးသီး အတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ကူးစက်ပြန့်ပွားမှု ဆက်လက် မြင့်တက်နေဆဲဖြစ်သည့်အလျောက်အာဆီယံနိုင်ငံများအနေဖြင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဆောင်ရွက်နိုင်သည့် အတွေ့အကြုံ ကောင်းများရှိသော မိတ်ဖက်နိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့် ပိုမိုပူးပေါင်းဆောင်ရွက် ရန်နှင့် အတွေ့အကြုံများနှင့် အကောင်းဆုံးသော လက်တွေ့ ဆောင်ရွက်မှုများ ဖလှယ်ရန်တို့ကို ဆောလျင်စွာ ဆောင်ရွက် သွားရန် လိုအပ်လျက်ရှိပါသည်။ ဤနေရာ၌ COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို အထောက်အပံ့ဖြစ်စေရေးအတွက် အတွေ့ အကြုံများမျှဝေနိုင်ရန် ဆေးပညာရှင်အဖွဲ့များကို မြန်မာနိုင်ငံသို့ စေလွှတ်ရေးနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများနှင့် ဆေး ပစ္စည်းများလှူဒါန်းရေးတို့အတွက် ကမ်းလှမ်းခဲ့မှုအပေါ် တရုတ် ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့အား အလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါသည်။
မြန်မာအစိုးရ၏ ကူးစက်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်း ဆောင်ရွက်မှုများတွင် ငွေကြေးပစ္စည်းအားဖြင့် သော်လည်းကောင်း၊ စိတ်ဓာတ်ရေးရာ အားပေးမှုများဖြင့်သော်လည်းကောင်း ကူညီ ပံ့ပိုးကာ စည်းလုံးညီညွတ်မှုပြသခဲ့ကြသော အခြားဖွံ့ဖြိုးမှုမိတ်ဖက် နိုင်ငံများနှင့် ကူညီပံ့ပိုးသူများ အားလုံးကိုလည်း အထူးပင်ကျေးဇူး ဥပကာရ တင်ရှိပါသည်။

ဤကမ္ဘာ့ကပ်ရောဂါကြီးကြောင့် ဖြစ်ပေါ်လာမည့် စိန်ခေါ်မှု များကို နိုင်ငံရေးဦးဆောင်မှု(Political Leadership)၊ ကြိုတင် ကာကွယ်ရေးဆိုင်ရာ အစီအမံများ (Preventive Measures)၊ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု(Peoples’ Participation)နှင့် ကမ္ဘာတစ်ဝန်းမှ မိတ်ဖက်နိုင်ငံများ (Partners)၏ ပံ့ပိုး ကူညီမှုများဖြင့် အောင်မြင်စွာကျော်ဖြတ်သွားနိုင်မည်ဟု မိမိတို့ အနေဖြင့် အခိုင်အမာယုံကြည်ပါသည်။

မြန်မာ့အလင်း