ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေတဲ့အတွက် တောင်ကိုရီးယား လွှတ်တော် ရပ်နား

၂၇ ဩဂုတ်

 

 

တောင်ကိုရီးယား လွှတ်တော်အမတ် အချို့ဟာ သီးသန့်ထား စောင့်ကြည့်မှုအောက်မှာ ရှိနေတဲ့အတွက် ဒီနေ့(ကြာသပတေးနေ့) မှာ ရပ်နားလိုက်ကြောင်း သိရပါတယ်။ နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၄၀၀ ကျော် ရှိနေချိန်လည်း ဖြစ်ပါတယ်။

 

 

တောင်ကိုရီးယား နိုင်ငံဟာ အစောဆုံး ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်ရေးအတွက် ရှာဖွေ၊ စစ်ဆေး၊ ကုသနည်းကို အသုံးပြုခဲ့ပေမယ့် ပရိုတက်စတင့် ဘာသာဝင် ခရစ်ယာန် ဘုရားကျောင်းနဲ့ ဆက်နွယ်တဲ့  ဗိုင်းရပ်စ်ပိုး ပြန်လည် ကူးစက်မှုကို နှိမ်နင်းရန် အခက်အခဲနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်သူ ၄၄၁ ဦးရှိကြောင်း ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။ ပိုးတွေ့သူတွေထဲမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အစိုးရရဲ့ ပါတီ အစည်းအဝေးပွဲမှာ ဓါတ်ပုံရိုက်ကူးတဲ့ ဓါတ်ပုံ သတင်းထောက်လည်း ပါရှိပါတယ်။ 

 

 

ဓါတ်ပုံ သတင်းထောက်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ အကျိုးဆက်ကနေ ဒီမိုကရက်ပါတီ ဉက္ကဋ္ဌနဲ့ ပါလီမန် အမတ်တေွ အပါအဝင် ၁၀ ဦးကျော်ဟာ သီးသန့်စောင့်ကြည့်မှုအောက်တွင် နေထိုင်ရမှာ ဖြစ်သလို ဗိုင်းရပ်စ်ပိုး စစ်ဆေးခံဖို့လည်း ရှိနေပါတယ်။

 

 

ပြီးခဲ့တဲ့ ရုံးပိတ်ရက်က တွေ့ဆုံခဲ့တဲ့ ဓါတ်ပုံသတင်းထောက်ရဲ့ ဆွေမျိုးတစ်ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် ဓါတ်ပုံ သတင်းထောက်မှာလည်း ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာလို့ သိရပါတယ်။

 

 

အဲဒီအခြေအနေကြောင့် လွှတ်တော်ရေးရာ လုပ်ငန်းဆောင်တာတွေကို ကြာသပတေးနေ့ ကနေစပြီး ရပ်ဆိုင်းလိုက်သလို လွှတ်တော်အမတ်တွေရဲ့ ရုံးခန်းတွေပါ ပိတ်လိုက်ကြောင်း သိရပါတယ်။

 

 

အတိုက်အခံ ပါတီတွေကလည်း သူတို့ ပါတီတွေရဲ့ အစည်းအဝေးပွဲတွေကို ဖျက်သိမ်းထားပါတယ်။

 

 

ဓါတ်ပုံသတင်းထောက်ဟာ လွှတ်တော်အမတ် ၃၂ ဦးနဲ့ ဝန်ထမ်းတွေ အပါအဝင် လူပေါင်း ၅၀ နဲ့ ထိတွေ့ခဲ့ကြောင်း သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို စိုးရိမ်တဲ့အတွက် လွှတ်တော် ရပ်နားခြင်းဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဖေဖော်ဝါရီလကလည်း လွှတ်တော်အမတ် တစ်ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် လွှတ်တော် ရပ်နားခဲ့ကြောင်း သိရပါတယ်။

 

 

တောင်ကိုရီးယား နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက် ရာဂဏန်း ရှိနေတာ ဒီနေ့ဟာ ၁၄ ရက်မြောက်နေ့ ဖြစ်ကြောင်းနဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၁၈,၇၀၆ ဦးနဲ့ သေဆုံးသူ ၃၁၃ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP   

mdn