ကိုရီးယားနိုင်ငံသူအား သားမယားအဖြစ် ပြုကျင့်ရန်ကြိုးစားသူကို ဖမ်းဆီးရမိ

ရန်ကုန်   ၁၃   မေ

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် မေလ ၁ ရက်က ဆိုင်ကယ်သမားမှ ကိုရီးယားနိုင်ငံသူအား သားမယားအဖြစ် ပြုကျင့်ရန်ကြိုးစားသူကို ယမန်နေ့က သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ  သိရသည်။

 

ဖြစ်စဉ်မှာ မေလ ၁ ရက်က ကိုရီးယားနိုင်ငံသူ --- သည် ၎င်း၏ မိန်းကလေးသူငယ်ချင်းဖြစ်သူအား အောင်မင်္ဂလာကားကြီးကွင်းသို့ လိုက်ပါပို့ဆောင်ပြီး ည ၇ နာရီတွင် ၎င်းတည်းခိုသည့် ဝိဇယဟိုတယ်သို့  ပြန်ရန်အတွက် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို ငွေကျပ်(၂၀ဝ၀ိ/-)ဖြင့် ငှားရမ်းခဲ့ကြောင်း၊ ဆိုင်ကယ်ကယ်ရီ သမားက ခရေပင်လမ်းခွဲမှ တညင်းကုန်းလမ်းခွဲအဆင်း မင်္ဂလာဒုံမြို့နယ်ရှိ IC-Power ဆီဆိုင်တွင် ဓာတ်ဆီ ဖြည့်ပြီးနောက် တညင်းကုန်းဘက်မှ ရွှေပြည်သာတံတားလမ်းအတိုင်း လှိုင်သာယာမြို့နယ်ဘက်သို့  ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း၊ သတ်မှတ်သည့်အချိန်ထက် ကျော်လွန်နေသည်ကို သိရှိသဖြင့် ၎င်းနေထိုင် ရာသို့ ပြန်လည်ပို့ပေးပါရန် ပြောသောအခါ ဆိုင်ကယ်သမားသည် လမ်းမကြီးမှ လမ်းကြားတစ်ခုအတွင်းသို့ မောင်းနှင်ဝင်ရောက်ခဲ့ပြီး ဆိုင်ကယ်အား ရပ်တန့်စဉ် ၎င်းမှထွက်ပြေးခဲ့ကြောင်း၊ ဆိုင်ကယ်ကယ်ရီသမားက ၎င်းအား နောက်မှဖက်၍ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း၊ ၎င်းမှ ရုန်းကန်သဖြင့် ဆိုင်ကယ်ကယ်ရီ အမျိုးသားမှ လက်သီးနှင့်ထိုးသောကြောင့် နာကျင်ဒဏ်ရာ ရရှိခဲ့ပြီး ဒေါ်လာ ၂၀ဝ တန် ရွှေဆွဲကြိုး(၁)ကုံး မှာလည်း ကျပျောက်စေခဲ့သောကြောင့် အမည်မသိ(လူမြင်လျှင်မှတ်မိ) ဆိုင်ကယ်ကယ်ရီသမားအပေါ် အရေး ယူပေးရန် ခလောက်ချိုက်နယ်မြေရဲစခန်းသို့ ကိုရီးယားနိုင်ငံသူမှ တရားလိုပြုလုပ် တိုင်တန်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြစ်မှုကျူးလွန်သူအား အမြန်စုံစမ်းဖော်ထုတ် ဖမ်းဆီး ရမိရေးဆောင်ရွက်ရန် ညွှန်ကြားချက်အရ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြီးကြပ်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးအဖွဲ့တို့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခြင်း၊ အခင်းဖြစ်ပတ်ဝန်းကျင်အား စုံစမ်းမေးမြန်းခြင်းများ ဆောင်ရွက် ပြီး လမ်းခရီးတစ်လျှောက် ဆက်စပ်မြို့နယ်များမှ တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်သတင်းရယူ စုံစမ်းစမ်း ဆောင်ရွက်ခဲ့ရာ အမှုမှပြစ်မှုကျူးလွန်သူ စန်းဦး(ခ)ကျော်သက်ပိုင် အား မေလ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် လှိုင်သာယာမြို့နယ်ရှိ ၎င်း၏နေအိမ်အတွင်းမှ သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ  သိရသည်။

 

MDN