ကိုရီးယားနိုင်ငံ၏ လူဦးရေကျဆင်းလာသည့်အတွက် နိုင်ငံခြားသားအလုပ်သမားများလိုအပ်ချက် မြင့်မားလာ

 

ထွန်းကျော်

 

တောင်ကိုရီးယားနိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် လွန်ခဲ့သောနှစ်က ၀ ဒသမ ၇၂ ပမာဏသာရှိခဲ့ပြီး ကလေး မွေးဖွားနှုန်း အနိမ့်ဆုံးအဖြစ်မှတ်တမ်းတင်ခဲ့သည်။ ကလေးမွေးဖွားနှုန်း ရှစ်နှစ်ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ပြီး  OECD နိုင်ငံများကြားတွင် ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးဖြစ်ခဲ့သည်။ အကယ်၍ ကလေးမွေးဖွားနှုန်းသည် ၀ ဒသမ ၆ နှင့် ၀ ဒသမ ၈ ကြား၌သာရှိမည်ဆိုပါက လာမည့်ရာစုဝက်အတွင်း ကိုရီးယားနိုင်ငံ၏ လူဦးရေသည် ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းနိုင်ကြောင်း ကိုရီးယားနိုင်ငံ အမျိုးသားညီလာခံ ဘတ်ဂျက်မူဝါဒစာရင်းများအရ သိရသည်။

 

တားဆီးနိုင်ခြင်းမရှိ

 

ကလေးမွေးဖွားနှုန်းကျဆင်းခြင်းကို ဖြေရှင်းပေးမည့် ဥပဒေတစ်ခုကို ၂၀၀၅ ခုနှစ်က ထုတ်ပြန်လိုက်ပြီးနောက် တောင်ကိုရီးယားနိုင်ငံသည် အခမဲ့ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး၊ ကလေးစရိတ်နှင့် ကလေးမွေးဖွားမှု စရိတ်ခံစားခွင့်ကဲ့သို့သော အစီအစဉ်များအတွက် အမေရိကန်ဒေါ်လာ  သန်း ၂၀၀   ကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။ သို့သော်လည်း ကလေးမွေးဖွားနှုန်း ကျဆင်းလာခြင်းကို တားဆီးဟန့်တားနိုင်ခြင်း မရှိခဲ့ပေ။

လွန်ခဲ့သော ဒီဇင်ဘာလက တရားရေးဝန်ကြီး ဟန်ဒေါင်ဟွန်းက လူဝင်မှုကြီးကြပ်ရေး မူဝါဒသစ်တစ်ခုကို အတည်ပြုမလား၊ မပြုဘူးလားဆိုသည်နှင့် ပတ်သက်ပြီး စိုးရိမ်ရမည့် အခြေအနေရောက်ရှိလာပြီဖြစ်ကြောင်း၊ အကယ်၍မပြုဘူးဆိုပါက လူဦးရေကျဆင်းခြင်းကြောင့် အမျိုးသားလူဦးရေနည်းပါးမှုပြဿနာနှင့်  ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

လက်ထပ်ရမှာ ကြောက်လာ

 

နိုင်ငံ၏ပြိုင်ဆိုင်မှုပြင်းထန်သော ပညာရေးစနစ်နှင့် တခြားအတားအဆီးများဖြစ်သော အိမ်ခြံမြေဈေးနှုန်း မြင့်တက်လာခြင်းကဲ့သို့သော အကြောင်းအချက်များကြောင့် လူငယ်များကြား လက်ထပ်ခြင်းလျော့နည်းလာပြီး မိသားစုဘဝပုံဖော်မှုမှာ မရှိသလောက်နည်းပါးလာခဲ့သည်။

 

နိုင်ငံခြားသားအလုပ်သမားများကို စတင်လက်ခံ

 

ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်ကတည်းက တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံခြားသားများကို အလုပ်သမားများအဖြစ် လက်ခံသည့် စနစ်တစ်ခုကို စတင်ခဲ့ရသည်။ နိုင်ငံခြားသား  အလုပ်သမား အရေအတွက်သည် အဓိကအားဖြင့် စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင်  သိသိသာသာ မြင့်တက်လာခဲ့ သည်။  အဆိုပါ ကဏ္ဍနှစ်ခုတွင် လုပ်သားပြတ်လပ်မှုများလည်း များပြားလာခဲ့သည်။

ဆိုးလ်တောင်ဘက်ရှိ အနောက်ဘက်ကမ်းရိုးတန်းမြို့တစ်ခုဖြစ်သော အန်ဆန်သည် နိုင်ငံခြားသားအလုပ်သမား အရေအတွက်အများဆုံး မြို့တစ်မြို့ဖြစ်ပြီး နိုင်ငံခြားသားအလုပ်သမားလူဦးရေ ၁၃ ရာခိုင်နှုန်းခန့် ရှိသည်။

ယခုအခါ နိုင်ငံခြားသားအလုပ်သမားများသည် အန်ဆန်လူမှုအသိုင်းအဝိုင်း၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီး ဒေသတွင်းအဓိကစားသုံးသူများဖြစ်လာခဲ့သည်။ ထို့အတူ မြို့တော်၏စီးပွားရေးအတွက်လည်း အရေးပါလာခဲ့ပြီဖြစ်သည်။

 

နိုင်ငံခြားသားအလုပ်သမားများလေ ကောင်းလေ

 

တောင်ကိုရီးယားနိုင်ငံ၏ လူဦးရေသည် ကျဆင်းလာပြီဖြစ်ကြောင်းနှင့် မိမိတို့သည်နုပျိုတက်ကြွမှုတွေ ပို၍လိုအပ်လာပြီဖြစ်ကြောင်း ဒေသခံကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ အရှေ့တောင်အာရှနှင့် တခြားဒေသများမှ နိုင်ငံခြားသားအလုပ်သမားများ တောင်ကိုရီးယားနိုင်ငံသို့ ပိုမိုလာရောက်လေလေ ဒေသတွင်းစီးပွားရေးအတွက် ပိုကောင်းလေလေဖြစ်သည်။

အန်ဆန်မြို့သည် နိုင်ငံခြားသားများအတွက် နှစ်သိမ့်အကြံပေးခြင်းများကို ထောက်ပံ့လုပ်ဆောင်ပေးသည့် နေရာတွင် ရှေ့ဆောင်လမ်းပြသဖွယ်ဖြစ်ခဲ့သည်။ နိုင်ငံခြားတွင် မွေးဖွားသည့် အကြံပေးပုဂ္ဂိုလ်များသည် အလုပ်နှင့်နေ့စဉ်ဘဝများအတွက် ဘာသာစကား ၁၅ မျိုးဖြင့် နှစ်သိမ့်အကြံပေး ဆွေးနွေးပေးလျက်ရှိသည်။ ၎င်းတို့သည် နိုင်ငံခြားသားအလုပ်သမားများကို အစိုးရအလုပ်များနှင့် ချိတ်ဆက်ပေးလျက်ရှိသည်။

 

လိုအပ်သော ကူညီမှုများကို ကူညီပေးလျက်ရှိ

 

ကမ္ဘောဒီးယားနိုင်ငံမှ အကြံပေးတစ်ဦးက လုပ်ခလစာပေးချေမှု နှောင့်နှေးခြင်းနှင့် ပတ်သက်ပြီး အကြံပေးခဲ့ကြောင်း၊ နိုင်ငံခြားသားအလုပ်သမားများ ရင်ဆိုင်နေရသည့် မည်သည့်ပြဿနာဖြစ်ဖြစ် မိမိတို့ နားလည်နိုင်ရန် ကြိုးစားရကြောင်းနှင့် လိုအပ်သော ကူညီမှုများကို ဖြည့်ဆည်းလုပ်ဆောင်ပေးရကြောင်း ပြောသည်။ အဆိုပါမြို့တွင် အခမဲ့ ကိုရီးယားဘာသာစကားသင်တန်းများလည်း ရှိသည်။ တချို့သင်တန်းများမှာ စနေ၊ တနင်္ဂနွေတန်းများကို ကမ်းလှမ်းပေးထားသည်။

အလုပ်သမားများသည် အလုပ်နှင့်ပတ်သက်သည့် အကြံဉာဏ်ရရှိရန် တခြားဒေသများသို့လည်း သွားရောက်နိုင်ကြောင်း မြို့တော်အရာရှိ တစ်ဦးက ပြောသည်။ အမျိုးသားအဆင့် အကူအညီပေးရေးစနစ်တစ်ခု လိုအပ်လာပြီဖြစ်ကြောင်း ၎င်းကပြောသည်။

 

နိုင်ငံခြားသားအလုပ်သမားတည်ရှိလာမှုကို ကြိုဆို

 

အကယ်၍ နိုင်ငံခြားသားအလုပ်သမားများအတွက် ဗဟိုစနစ်တစ်ခု ဖန်တီးပေးနိုင်မည်ဆိုပါက ဒေသအစိုးရများ အနေဖြင့် နိုင်ငံခြားသား အလုပ်သမားများကို ပိုမိုကောင်းမွန်ပြီး စနစ်ကျသည့် ကူညီမှုမျိုး ပိုမို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံခြားသားအလုပ်သမားများပို၍ လိုအပ်လာသည့်အတွက် ၎င်းတို့၏ တည်ရှိမှုကိုလည်း ကြိုဆိုလာကြပြီ ဖြစ်သည်။ သို့သော်လည်း တချို့ဒေသခံများမှာ နိုင်ငံခြားသားအလုပ်သမားများ ပိုမိုဝင်ရောက်လာသည့်အပေါ် တုန်လှုပ်ချောက်ချားလာကြသည်။ တချို့မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်လာခဲ့ကြသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံခြားသားအလုပ်သမားများအတွက် ဘာသာရေးအဆောက်အအုံများ တည်ဆောက်မည့် အစီအစဉ်က ဒေသခံများ၏ နေ့စဉ်လူနေမှုဘဝကို ဆိုးရွားစွာ သက်ရောက်စေနိုင်သည့်အတွက်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကိုရီးယားနိုင်ငံသည် လူဦးရေကျဆင်းလာနေသည့်အတွက် နောက်ထပ်နိုင်ငံခြားသား အလုပ်သမားများ ပို၍ပို၍ လိုအပ်လာဦးမည်ဖြစ်သည့်အတွက် နိုင်ငံခြားအလုပ်သမားများအတွက် ပိုမိုကောင်းမွန်သည့် စည်းမျဉ်းစည်းကမ်းများနှင့် နှစ်သိမ့်အကြံပေးဆွေးနွေးမှုများလည်း ပို၍လိုအပ်လာဦးမည် ဖြစ်သည်။ ။

ကိုးကား - အင်န်အိတ်ချ်ကေ