ကိုရီးယားလိဂ်တွင် မြန်မာနှင့် အာဆီယံကစားသမားများ ကစားခွင့်ရရန် အခွင့်အရေးရှိလာ

၂၂ ဧပြီ

 

တောင်ကိုရီးယား K-League ပြိုင်ပွဲ၏ စည်းမျဉ်းသစ်ကြောင့် မြန်မာနှင့် အာဆီယံ ကစားသမား များသည် K-League ကလပ်အသင်းများတွင် ကစားခွင့်ရရန် အခွင့်အရေးရှိလာပြီဖြစ်သည်။

 

K-League ကလပ်အသင်းများတွင် ယခင်က သတ်မှတ်ထားသည့် နိုင်ငံခြားသားကစားသမား ခေါ်ယူမှု စည်းမျဉ်းကို ၃+၁ အစား ၃+၁+၁ စည်းမျဉ်းဖြင့် ပြောင်းလဲခဲ့ပြီး အာဆီယံကစားသမား များကို လာမည့် ၂၀၂၀ ရာသီတွင် စတင်အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

K-League ကလပ်အသင်းတစ်သင်းဖြစ်သော အင်ချွန်းယူနိုက်တက်အသင်းသည် ဗီယက်နမ် လက်ရွေးစင်တိုက်စစ်မှူး ငုယင်ကောင်ဖောင်ကို အငှားဖြင့် ခေါ်ယူအသုံးပြုခဲ့ပြီး ဗီယက်နမ် ပရိသတ် များ၏ စိတ်ဝင်စားမှုနှင့် ရုပ်သံကြည့်ရှုမှုနှုန်း မြင့်တက်လာသောကြောင့် K-League အနေဖြင့် အာဆီယံ ဘောလုံးလောကနှင့် ပေါင်းစပ်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

အရှေ့အာရှအသင်းများသည် အာဆီယံဘောလုံးအသင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာသလို တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်မှာလည်း အာဆီယံဘောလုံးလောကနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ မြန်မာကစားသမားများသည် ယခုရာသီတွင် ထိုင်းလိဂ်ကလပ်အသင်းများ၌ သွားရောက် ကစားနေပြီး အာရှထိပ်သီး K-League တွင် သွားရောက်ကစားနိုင်ရန် ခြေစွမ်းပိုင်း၊ ကြံ့ခိုင်မှုအပြင် ပရော်ဖက်ရှင်နယ်ပီသစွာ ကျင့်ကြံနေထိုင်နိုင်ရန် လိုအပ်နေရာ ပိုမိုကြိုးစားရမည်ဖြစ်သည်။

 

မြန်မာ့ဘောလုံး ပရော်ဖက်ရှင်နယ်စနစ်သို့ ကူးပြောင်းပြီးနောက်ပိုင်းတွင် မြန်မာကစားသမားများသည် ထိုင်း၊ မလေးရှား၊ စင်ကာပူကလပ်အသင်းများသို့ သွားရောက်ကစားခဲ့ပြီး ၂၀၁၉ ရာသီတွင် မြန်မာကစားသမားအချို့မှာ ထိုင်းလိဂ်-၁ ကလပ်အသင်းများ၌ သွားရောက်ကစားလျက်ရှိသည်။ မြန်မာကစားသမားများအနက် အောင်သူမှာ မြောင်တောင်ယူနိုက်တက်အသင်း၊ ဇော်မင်းထွန်းနှင့် စည်သူအောင်မှာ ချောင်ဘူရီအသင်း၊ သိန်းသန်းဝင်းမှာ ရစ်ချာဘူရီအသင်း၊ ကျော်ကိုကိုမှာ ဆာမတ်ပရာခန်အသင်း၊ သန်းထက်အောင်မှာ ထိုင်းလိဂ်-၂ ကလပ် ဆာမတ်ဆာခွန်အသင်းတွင် သွားရောက်ကစားလျက်ရှိသည်။

 

ယခုနောက်ပိုင်းနှစ်များတွင် မြန်မာဘောလုံးသမားများအတွက် ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားခွင့်ရရှိမှု အခွင့်အလမ်းများမှာ ပိုမိုများပြားလာပြီး အကောင်းဆုံးခြေစွမ်းကို ထိန်းထားနိုင်ရန်နှင့် သွားရောက်ကစားသည့် ကလပ်အသင်းများတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် စဉ်ဆက်မပြတ် ကြိုးပမ်းရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်