ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအပေါ် သက်ရောက်လာဦးမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ

  နိုဝင်ဘာ

အမေရိကန်ပြည်ထောင်စု တစ်ဝန်းမှာ သမ္မတရွေးကောက်ပွဲအတွက် မဲပေးခြင်းကို နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီကတည်းက စတင်ပြုလုပ်နေကြပြီဖြစ်ပါတယ်။ ယခုနှစ်ဟာ ကြိုတင်မဲ ထည့်ဝင်ကြတဲ့ မဲဆန္ဒရှင်ပြည်သူ သန်း ၁၀၀နီးပါးအထိ ရှိခဲ့တဲ့ ထူးခြားသော နှစ်တစ်နှစ်ဖြစ်သလို မဲပေးတဲ့သူ အရေအတွက် စံချိန်တင်အများဆုံး ဖြစ်လာမယ့် ရွေးကောက်ပွဲအဖြစ်နဲ့ တွေ့မြင်ရဖွယ်ရှိပါတယ်။ ထို့အတူ နိုဝင်ဘာ ၃ ရက်နေ့ အမေရိကန်ရွေးကောက်ပွဲဟာ အမေရိကန်ပြည်ထောင်စုကနေ မိုင်ထောင်ချီဝေးတဲ့နေရာမှာ တည်ရှိနေတဲ့ ကိုရီးယားကျွန်းဆွယ်အပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုရှိလာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ဆိုကြပါတယ်။

ချဉ်းကပ်ပုံမတူ

ဘာကြောင့် ဒီလိုသက်ရောက်နိုင်လဲဆိုတော့ အမေရိကန်သမ္မတနေရာအတွက် ယှဉ်ပြိုင်နေကြတဲ့ ကိုယ်စားလှယ် နှစ်ဦးစလုံးဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား လက်နက်ဖျက်သိမ်းရေး အကောင်အထည် ပေါ်လာဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် လုံးဝမတူညီကြတဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းတွေနဲ့ မြောက်ကိုရီးယားနိုင်ငံကို ချဉ်းကပ်ဖို့ ကတိပြုထားကြတဲ့သူတွေ ဖြစ်လို့ပါပဲ။

သမ္မတ ဒေါ်နယ်ထရမ့်ဟာဆိုရင်ဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အတူထိုင်ပြီး စကားပြောဆို ဆွေးနွေးမှု သုံးကြိမ်တိုင်တိုင်ပြုလုပ်ဖူးတဲ့ တစ်ဦးတည်းသော နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ် တွေ့မြင်ခဲ့ရပါတယ်။ ထို့အတူ မြောက်ကိုရီးယားနိုင်ငံရဲ့မြေပေါ် ပထမဆုံးခြေချဖူးတဲ့ အမေရိကန်သမ္မတ တစ်ဦးလည်းဖြစ်ပါတယ်။

မေးခွန်းထုတ်စရာမလို

၎င်းတို့နှစ်ဦး အကြားပုဂ္ဂိုလ်ရေးဆိုင်ရာ သံတမန်ဆက်ဆံရေး ပုံစံဟာဆိုရင်လည်း ဘယ်တုန်းကနဲ့မှ မတူအောင် တိုးတက် ဖြစ်ထွန်းမှုတွေရှိခဲ့တာဖြစ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအနေနဲ့ သမ္မတထရမ့်ကိုပဲ ဒုတိယအကြိမ်သမ္မတအဖြစ်နဲ့ ထပ်မံမြင်တွေ့ချင်လိမ့်မယ်ဆိုတာ မေးကြည့်စရာတောင်မလိုဘူးလို့ နိုင်ငံရေး ဆိုင်ရာ ကျွမ်းကျင်သူတချို့က မှတ်ချက်ပေးနေကြပါတယ်။

သမ္မတ ထရမ့်နဲ့ ခေါင်းဆောင်ကင်တို့ဟာ ၂၀၁၈ ခုနှစ်က စင်ကာပူနိုင်ငံမှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး သဘောတူညီမှုရရှိဖို့အတွက် ပထမဆုံးတွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံမှုအတွင်းမှာ ထရမ့်က မြောက်ကိုရီးယား နိုင်ငံရဲ့ လုံခြုံမှုအတွက် အာမခံခဲ့သလို ခေါင်းဆောင်ကင်ကလည်း ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် အပြီးတိုင်ဖျက်သိမ်းရေး လုပ်ဆောင်မယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။ သို့သော်လည်းပဲ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေနဲ့ နျူကလီးယား အဆောက်အအုံတွေအားလုံးကို စာရင်းချပြဖို့ အမေရိကန်က တောင်းဆိုလိုက်တဲ့အခါမှာတော့ မြောက်ကိုရီးယားဘက်က လက်မခံခဲ့ ပါဘူး။

ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲ

အဲဒီဆွေးနွေးပွဲဖြစ်မြောက်ခဲ့ပြီး ရှစ်လအကြာမှာ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံမှာ ထပ်မံပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာလည်း နောက်ထပ် သဘောထား ကွဲလွဲမှုထပ်ဖြစ်ပြီး နျူကလီးယားအရေးနဲ့ ပတ်သက်တဲ့ ရလဒ်တွေထွက်ပေါ်လာခြင်း မရှိခဲ့ပါဘူး။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ၎င်းအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေအားလုံးကို ဖယ်ရှားပေးစေချင်တယ်။ ဒါပေမယ့် အမေရိကန်က ဒီကိစ္စကို သဘောမတူနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ လတ်တလောမှာ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူ ဖြစ်ခဲ့ကြပေမယ့် နှစ်ဦးနှစ်ဖက်အကြားက ကွာဟမှုကို ပြန်လည် ဆက်စပ်လာအောင် လုပ်နိုင်မယ်လို့တော့ မျှော်လင့်ထားတယ်လို့ ထရမ့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၀၆ ခုနှစ်မှာ ၎င်းရဲ့ နျူကလီးယားစမ်းသပ်မှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ထရမ့်နဲ့ ကင်ဂျုံအန်းတို့ စင်ကာပူနိုင်ငံမှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြတဲ့ အချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှုနဲ့ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု နောက်ထပ်ငါးခု ပြုလုပ်ခဲ့ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေဟာ အမေရိကန် ကုန်းမြေအထိ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

အနှစ်သာရမရှိတဲ့ စီမံချက်တစ်ခုသာဖြစ်

သမ္မတထရမ့်ရဲ့ နေရာကို စိန်ခေါ်သူဖြစ်တဲ့ အမေရိကန် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်ဟာ မြောက်ကိုရီးယားကို လုံးဝကွဲပြားခြားနားတဲ့နည်းနဲ့ ချဉ်းကပ်ဖို့ အလေးပေးနေသူတစ်ယောက်ပါ။ ၎င်းက ခေါင်းဆောင်ကင်နဲ့ ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးမှုတွေဟာ အနှစ်သာရမရှိတဲ့ စီမံချက်တစ်ခုသာဖြစ်ကြောင်းနဲ့ အဲဒီလို ထိပ်သီးဆွေးနွေးမှုတွေနဲ့ ပုဂ္ဂိုလ်ရေးအရ သံတမန်ဆက်ဆံမှုတွေကို ဆက်လုပ်နေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ယခင်လမ်းစဉ်ကို လိုက်မည့်သူမဟုတ်

အကယ်၍ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ရင်၎င်းဟာမြောက်ကိုရီးယားအရေးမှာ ယခင်သမ္မတ နှစ်ဦးက လုပ်ဆောင်ခဲ့တဲ့ လမ်းစဉ်တွေကို နှုတ်ဆက်ထွက်ခွာသွားမယ့်သူ ဖြစ်လာတော့မှာပါ။ ရွေးကောက်ပွဲ တစ်ခုပြီးသွားတိုင်း ကျူးကျော်ရန်စမှုတွေ ဖြစ်လာမယ်လို့ အမြဲပုံသေကားချပ်တွက်ဆလို့မရဘူး။ ဒါပေမယ့် အဲဒီလိုဖြစ်လာခဲ့ရင်တောင် ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနား ပြီးတဲ့နောက် တစ်လအကြာလောက်မှသာ ဖြစ်လာလိမ့်မယ်လို့ မူဝါဒဆိုင်ရာ အာဆန်လေ့လာမှုအင်စတီကျူမှ ဂျိမ်းစ်ကင်က ပြောကြားခဲ့ပါတယ်။

နျူကလီးယားအရေး ဘယ်လိုဖြေရှင်းမလဲ

အမေရိကန် ရွေးကောက်ပွဲဖြစ်စဉ်ကတော့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဖြစ်လာခဲ့ပြီမို့ လာမယ့် ဇန်နဝါရီလမှာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမယ့်အချိန် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ကျမ်း သစ္စာကျိန်ဆိုမှုပြီးတဲ့နောက် လာမယ့် ဖေဖော်ဝါရီလနဲ့ မတ်လရောက်တဲ့အခါ မြောက်ကိုရီးယားဘက်က ဘယ်လိုခြေလှမ်းတွေ လှမ်းလာဦးမလဲဆိုတာကို ကျွန်ုပ်တို့ မြင်တွေ့ရဖွယ်ရှိတယ်။

ရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရသည် ဖြစ်စေ အနိုင်ရတဲ့သူရဲ့ ခေါင်းထဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းနဲ့ လုံးပန်းရဦးမှာ ဖြစ်ပါတယ်။

ကလျာမိုးမြင့်

အင်န်အိတ်ချ်ကေ