ကိုရီးယား နှစ်နိုင်ငံ၏ ရှေ့တန်း စခန်းများအား ဖျက်ဆီးထားမှုကို အတည်ပြုစစ်ဆေး

တောင် နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံ စစ်သားများသည် စစ်မဲ့ဇုန်အတွင်း ကင်းစခန်းများ ဖျက်ဆီးထားမှုကို အတည်ပြုရန် နှစ်နိုင်ငံ နယ်စပ်အသီးသီးအား ပထမဦးဆုံး အကြိမ်အဖြစ် ငြိမ်းချမ်းစွာ ဖြတ်ကျော်ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလအတွင်းက တောင်ကိုရီးယားဘက်ခြမ်းတွင် ကတုတ်ကျင်း ၁၀ နေရာကို မြေတူးစက်များဖြင့် ဖြိုချဖျက်ဆီးခဲ့ချိန်တွင် မြောက်ကိုရီးယားဘက် ရှေ့တန်း အဆောက်အဦ ၁၀ ခုကို ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။

ယင်းကဲ့သို့ နယ်စပ်တစ်လျှောက် ရှေ့တန်းအခိုင်အမာစခန်း ၂၀ နေရာအား ဖယ်ရှားခြင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံသဘောတူညီချက်မှ ကိုရီးယားကျွန်းဆွယ် အလျင်အမြန် ပေါင်းစည်းရေး အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

တောင်းကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောကြားချက်အရ တောင်ကိုရီးယားဘက်မှ စစ်ဆေးရေးမှူးများသည် မြောက်ကိုရီးယားဘက်ခြမ်းမှ ကင်းစခန်းများ ဖျက်ဆီးထားမှု၊ လက်နက်များနှင့် တပ်ဖွဲ့များ ဖယ်ရှားထားမှုကို အတည်ပြုရန် မြောက်ကိုရီးယားဘက်ခြမ်းသို့ သွားရောက် စစ်ဆေးကြမည်ဖြစ်သည်။ အလားတူ မြောက်ကိုရီးယားဘက်မှလည်း တောင်ကိုရီးယား ဘက်ခြမ်းရှိ ကတုတ်ကျင်းများ ဖျက်ဆီးထားမှုကို လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ 

တောင်နဲ့ မြောက် ကွဲသွားပြီးကတည်းက နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေ စစ်တပ်နယ်နိမိတ်မျဉ်းကို ငြိမ်းချမ်းစွာ ဖြတ်ကျော်တာဟာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။  စစ်မဲ့ဇုန်သည် ကမ္ဘာပေါ်ရှိ အခိုင်အမာ ရှေ့တန်းနေရာတစ်ခုဖြစ်ပြီး မြေမြှုပ်မိုင်းများနှင့် လျှပ်စစ်လွှတ်ထားသည့် ခြံစည်းရိုးများဖြင့် ကာရံထားသည့်နေရာဖြစ်သည်။

SMZaw(MDN)
Source > AFP