ကြို့ပင်ကောက်မြို့တွင် ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်၍ လမ်းဘေးမြောင်းထဲထိုးကျ

ကြို့ပင်ကောက် ၁၃   ဇွန် 

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ဂုမ္မကွင်းအုပ်စု သာယာကုန်းကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်အချိန်က ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျမှုဖြစ်ပွားခဲ့သည်။

 

ပြည်ဘက်မှ ရန်ကုန်မြို့ဘက်သို့ ယာဉ်မောင်း ကိုစန်းဝင်းဟန် မောင်းနှင်လာသော မာန်သစ္စာ Express ခရီးသည်တင်ယာဉ်ပေါ်၌ ကုန်ပစ္စည်းများတင်ဆောင်ပြီး မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၁၁၉/၁ နှင့် ၁၁၉/၂) အကြားတွင် အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ လမ်း၏ယာဘက်ခြမ်းမြောင်းထဲသို့ ထိုးကျခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ကိုစန်းဝင်းဟန်ကို ကြို့ပင်ကောက်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)