ကြို့ပင်ကောက်မြို့နယ်၌ ကိုဗစ် ၁၉ အတွင်း မျိုးအခက်အခဲမဖြစ်စေရန် စပါးအထွက်ယှဉ်ပြိုင် စမ်းသပ်ကွက်များ ဆောင်ရွက်ထား

ကြို့ပင်ကောက်  ၂၀  ဩဂုတ်

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ် ၁၉ ကာလအတွင်း မျိုးအခက်အခဲ မဖြစ်စေရန် ပဲခူးတိုင်း (အနောက်ခြမ်း)၊ ကြို့ပင်ကောက်မြို့နယ်တွင် ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စပါးမျိုးများ အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်း သုတေသန စိုက်ခင်းများ စိုက်ပျိုးထားကြောင်း သိရသည်။

 

အကွက်ကျယ် သုတေသန ဆောင်ရွက်ထားသည့် တောင်သူ ဦးမြင့်သိန်း၏ လယ်ကွက်သို့ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် သုတေသန ပညာရှင်များက ယမန်နေ့က ကွင်းဆင်းစစ်ဆေးရာ တောင်သူလယ်သမားများ၏ လူမှု့စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများကို စိုက်ပျိုးရေး သုတေသန ပညာရှင်များနှင့် စိုက်ပျိုးပညာပေးပညာရှင်များက အတူပူးပေါင်းဖြေရှင်းပေးရန်၊ တောင်သူ များ တစ်ဧက အကျိုးအမြတ် ပိုမိုရရှိစေရေးအတွက် ဈေးကောင်းရသော သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးရန်၊ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရောင်းချရာတွင် တောင်သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်ရေးအတွက်လည်း စိုက်ပျိုးပညာပေးဝန်ထမ်းများက ပူးပေါင်း ကူညီပေးရန် လိုအပ်ကြောင်းနှင့် စမ်းသပ်ကွက်မှတ်တမ်းများအား ကောက်ယူရာတွင် သိပ္ပံနည်းကျ စနစ်တကျလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က မှာကြားသည်။

 

အဆိုပါ တောင်သူ့စိုက်ခင်းတွင် အကွက်ကျယ်စိုက်ပျိုးထားသော ဒေသနှင် လိုက်လျောညီထွေသည့် စပါးမျိုးများ အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ရတနာတိုး၊ ဆင်းသုခ၊ မနောသုခ၊ ပေါ်ဆန်းရင်၊ ဗျော့ထွန်း၊ မှော်ဘီ-၂၊ ပြည်တော်ရင်နှင့် ပခန်းရွှေဝါ စပါးမျိုးများအား အထွက်ယှဉ်ပြိုင် စမ်းသပ်ကွက်အဖြစ် အကွက်ကျယ်သုတေသနပြု စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။

 

 မေမိုးသဲ