ကြိုးပမ်းအားထုတ်မှုနှင့် အခြေအနေအခွင့်အလမ်း

၂၉ ဧပြီ

 

မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံဘဝသို့ ကျရောက်ခဲ့ရာမှ ပြန်လည်ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေရသည်။ LDC ဟူ၍လည်း လူသိများကြသည့် နိုင်ငံမွဲဘဝကိုခံယူကာ အကူအညီအထောက်အပံ့များ၊ သက်သာခွင့်များ စသည်တို့ရယူရန် ရည်ရွယ်ခဲ့သော်လည်း အခြားသော နိုင်ငံမွဲများနည်းတူ အခွင့်အရေးများ အပြည့်အဝမရရှိခဲ့။ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် နိုင်ငံမွဲဘဝကို ကျရောက်ခဲ့ရခြင်းသည် နိ်ုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေခဲ့သည်။ မည်သို့ပင်ဆိုစေ လက်ရှိအခြေအနေတွင်တော့ နိုင်ငံမွဲဘဝမှ ပြန်လည်လွတ်မြောက်တော့မည့် အလားအလာကောင်းများ ရှိနေပြီဖြစ်သည်။

 

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ယင်းနိုင်ငံ၏ နိုင်ငံသူ နိုင်ငံသားများ၏ ကြိုးပမ်းအားထုတ်မှုအပေါ်တွင် အဓိကမူတည်နေပြီး အစိုးရပိုင်းကမူ ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများ ပေါ်ပေါက်လာရေး အတွက် အခြေအနေအခွင့်အလမ်းများ ဖန်တီးပေးနိုင်ဖို့ပင် ဖြစ်သည်။ ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများ အားကောင်းမောင်းသန် ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ ပြည်သူ့ဘဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများ၊ ရပ်ဓလေ့ ရွာဓလေ့များ၊ အာဟာရပြည့်ဝအောင် စားသောက်နိုင်သည့် အခြေအနေများနှင့် အဆင့်ဆင့်သော ဦးစီးဦးဆောင်မှုများ စသည်တို့က ဖန်တီးပေးသည်ဟူ၍ ပညာရှင်တို့က ဆိုသည်။

 

မဝေးသေးသည့် အတိတ်ကာလ နှစ်ပေါင်း ၅၀ ကျော်မျှကြာအောင် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ရာမှ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်အခြေအနေတို့လည်း နိမ့်ကျခဲ့ရပြီး ဖိနှိပ် တင်းကျပ်သည့် အုပ်ချုပ်ရေးပုံစံများ၏အောက်တွင် လူတို့၏ အတွေးအခေါ်အယူအဆများ၊ အမူအကျင့်များ၊ စိတ်ဓာတ်ရေးရာ အခြေအနေများသည်လည်း ပြောင်းလဲသွားခဲ့သည်။ ခေတ်ကာလအခြေအနေများ၏အောက်တွင် နိမ့်ကျသွားခဲ့ကြရာတွင် မိမိတို့မှီတင်းနေထိုင်ရာ နိုင်ငံ၏ အရေးကိုလည်းကောင်း၊ မိမိပါဝင်သည့် လူ့အဖွဲ့အစည်းကိုလည်းကောင်း စိတ်ဝင်စားမှု နည်းပါးလာသည်။ အများအကျိုးဆောင်လိုခြင်းထက် အကျပ်အတည်းမှ လွတ်မြောက်ရာလွတ်မြောက်ကြောင်းနှင့် မိမိ တစ်ကိုယ်စာအတွက်ကိုသာ ဦးစားပေးစဉ်းစားလာကြသည်။

 

ဆင်းရဲမွဲတေခြင်းနှင့် နိမ့်ကျခြင်းကို အရှိတရားအဖြစ်လက်ခံကာ လိုက်လျောညီထွေ ညှိယူနေထိုင်လာကြသည်။ ကာလကြာရှည်စွာ တိုးတက်မှုကင်းမဲ့နေသည့် အခြေအနေကို ပြောင်းလဲဖြစ်ပေါ်လာအောင် အားထုတ်ကြိုးပမ်းမည့် အစား (ကျောက်နံရံကို ခေါင်းနှင့်မတိုက်တော့ဘဲ) တင်းတိမ်ရောင့်ရဲ ငိုက်မျဉ်းတတ်လာသည်။ ဤအခြေအနေနှင့် ဤစိတ်ဓာတ်များ ရာစုနှစ်ထက်ဝက်ကျော်မျှ အမြစ်တွယ်ခဲ့သည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ခေတ်အပြောင်းအလဲတွင် နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထအား၊ ရုန်းအားတို့ ရရှိရန်မှာ အဘက်ဘက်မှ ပြုပြင်မှုတို့ ပြုလုပ်ပေးရမည်ဖြစ်သည်။ အထူးသဖြင့် မျိုးဆက်သစ်များကို နည်းလမ်း မှန်ကန်စွာ ပြုစုပျိုးထောင်ရင်း တစ်ဖက်တွင်လည်း လက်ရှိမျိုးဆက်များကိုနိုင်ငံ၏ အရေးအရာများ၌ တက်ကြွစွာပါဝင်လာရေး၊ စည်းကမ်းရှိသော၊ စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်းအဖြစ် ဖြစ်ပေါ်လာရေးတို့အတွက် နိုင်ငံရေးဆိုင်ရာနည်းလမ်း၊ လူမှုရေးဆိုင်ရာနည်းလမ်းများဖြင့် ပြုပြင် ပြောင်းလဲသွားရမည်ဖြစ်သည်။

 

မြန်မာလူမျိုးတို့သည် ပင်ကိုဗီဇအားဖြင့် အားနည်းနိမ့်ကျသူများ မဟုတ်သည်မှာ လွန်စွာမှပင် သေချာပါသည်။ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံဘဝသို့ ကျရောက်ခဲ့ရခြင်းသည် ထိုခေတ်ထိုအခါက ပြည်သူတို့၏ ကြိုးပမ်းအားထုတ်မှု နိမ့်ကျခဲ့ခြင်းကြောင့် မဟုတ်ဘဲ ပြည်သူတို့၏ အားထုတ်ကြိုးပမ်းမှုများကို ရယူနိုင်စွမ်းမရှိခဲ့သော၊ အခြေအနေ အခွင့်အလမ်းများ ဖန်တီးပေးနိုင်စွမ်းမရှိခဲ့သော ထိုခေတ် နိုင်ငံအုပ်စိုးသူ တို့ကြောင့်သာဖြစ်ပြီး သမိုင်းသင်ခန်းစာယူဖွယ်ရာအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဖြစ်သည်။ လူတိုင်းလူတိုင်း မိမိကိုယ်တိုင် စွမ်းဆောင်နိုင်သူတစ်ဦးအဖြစ်နှင့် မိမိဘဝ တိုးတက်မြင့်မားရေး၊ မိမိနေထိုင်ရာပတ်ဝန်းကျင်ဖွံ့ ဖြိုး တိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် အခြေအနေ၊ အခွင့်အလမ်းကောင်းများလည်း ဖြစ်ထွန်းပေါ်ပေါက်ပါစေကြောင်း။ ။

 

မြန်မာ့အလင်း