ကိုပေါ ရုပ်ရှင်ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ရုံတင်ပြသသွားမည်

ရန်ကုန် ၁၂ ဖေဖော်ဝါရီ

 

ကိုပေါရုပ်ရှင် အထူးပွဲကို ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ ယနေ့ နံနက်ပိုင်းက ရုံတင်ပြသပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်။

 

ဇာတ်လမ်းက ကိုပေါသီချင်းထဲကအတိုင်းပါပဲ၊ ရှေ့မှာ ဦးမော့စ်တို့၊ ဦးသီဟ တင်စိုးတို့ ရိုက်ခဲ့တယ်၊ ဒါပေမယ့် ဗားရှင်းမတူဘူး၊ သနားဖို့လည်းကောင်းတယ်၊ မြန်မာလူမျိုးတစ်ယောက်က သူတစ်ပါးကို ကူညီတတ်တယ်ဆိုတဲ့စိတ် သည်းခံတတ်တဲ့ စိတ်၊ တောဓလေ့ တောဒေသ ရိုက်ကွင်းအစစ်ဖြစ်တဲ့ မြင်းခြံမြို့၊ ထနောင်းကုန်းရွာလေးမှာ ၂၀၁၆ကသွားရိုက်ခဲ့ပါတယ်၊ အညာမှာ မုန်တိုင်းမိတာနဲ့၊ တောင်ပေါ်က ပြုတ်ကျတာက အမှတ်တရပါပဲ၊ ကျွန်တော် ရတဲ့အခွင့်အရေးကို လက်လွှတ်မခံဘဲ အစွမ်းကုန် ကြိုးစားထားပါတယ်၊ ပရိသတ်ကြီးကို လာကြည့်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်ဟု သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်)က ပြောသည်။

 

ကိုလွှမ်းမိုးရဲ့ သီချင်းလေးက ငယ်ငယ်ကတည်းက အရမ်းကြိုက်ခဲ့တဲ့ သီချင်းလေးပါ၊ စည်သူ(ပလပ်ကျွတ်)ရဲ့ ဇာတ်ရုပ်နဲ့လိုက်လို့ ဗားရှင်းတစ်မျိုးနဲ့ ပြန်ပြီးပုံဖော်ထားပါတယ်၊ ပရိသတ်ကြီးကိုလည်း တောဓလေ့ တောသဘာ၀ အရာသာကို ခံစားစေချင်လို့ ရိုက်ကူးထားပါတယ်၊ ပရိသတ်ကြီးကိုလည်း ကြည့်ရှုအားပေးဝေဖန် ပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ဟု မျိုးမြင့်အောင်(ထနောင်းကုန်း)က ပြောသည်။

 

ကိုပေါရုပ်ရှင်ကို မျိုးမြင့်အောင်(ထနောင်းကုန်း)က စီစဉ်ပြီး၊ ဇာတ်လမ်း/ ဇာတ်ညွှန်း စိုးခန့်(ကြို့ပင်ကောက်)၊ ဒါရိုက်တာ နန္ဒကျော်(ရိုက်ချက်ပြင်းပြင်း)၊ တွဲဖက် ဒါရိုက်တာ မျိုးကိုကို(အညာသားလေး)နှင့် သမန်းကျား ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူး ထုတ်လုပ်ထားသည်။

 

သရုပ်ဆောင်များဖြစ်ကြသည့် စည်သူ (ပလပ်ကျွတ်)၊ စံရတီမိုးမြင့်၊ အထူးသရုပ်ဆောင် စူးရှ၊ အကယ်ဒမီ ခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ ဝင်မင်းသန်း၊ အေးအေးခိုင်နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။

 

သန့်ဇင်ဝင်း

 

adfd