ကျိုင်းတုံ၌ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဆွေးနွေးပွဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ကျိုင်းတုံ ၂၇  ဇူလိုင်

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ တောင်ယာ စိုက်ပျိုးမှု စနစ်ကြောင့် မြေဆီလွှာတိုက်စားခြင်း ပပျောက်စေရေးအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေး နည်းပညာရပ်များအား သိရှိလိုက်နာတတ်စေရန် ၊ တောင်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသော ဖျက်အားပြင်း ငမြှောင်တောင်ပိုး ကျရောက်မှုရှိ/မရှိအား ကင်းထောက် စစ်ဆေး တတ်စေရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အထကောင်းများအား စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေးရည်ရွယ်၍  စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ ဆွေးနွေးပွဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက  ယန်းခကျေးရွာအုပ်စု၊ ကြိတ်ခေါင် (အလယ်)ကျေးရွာ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာနမှ‌ တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးလှဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် သက်ဆိုင်ရာ ဝန်ထမ်းများက စိုက်ပျိုးရေးဆိုင်ရာအလေ့အထကောင်း များအား စနစ်တကျ လိုက်နာ ကျင့်သုံးခြင်း၊ မြေဆီလွှာတိုက်စားခြင်း လျော့ချနိုင်ရေးအတွက် တောင်စောင်းစနစ်စိုက်ပျိုးခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်များ၊ ပြောင်းသီးနှံနှင့် အခြားသီးနှံများတွင် ကျရောက် တတ်သော ဖျက်အားပြင်း ငမြှောင်တောင်ပိုး ကျရောက်မှု ရှိ/မရှိအား ဖီရိုမုန်း ထောင်ချောက်( Pheromone Trap)အသုံးပြု၍ ကင်းထောက်ခြင်း နည်းစနစ်များ လက်တွေ့ပြသ ပညာပေးကို  တက်ရောက်လာသော တောင်သူ (၄၇)ဦးတို့နှင့်အတူ ဆွေးနွေးခဲ့ကြရာ တောင်သူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာနမှ‌ တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက တောင်သူများအာ သီးနှံမျိုးစေ့များ၊ ပိုးသတ်ဆေးများ၊ ဖီရိုမုန်း ထောင်ချောက်( Phenomone Trap)များနှင့် ရှမ်း၊ လားဟူ၊ အာခါ ဘာသာပါ စိုက်ပျိုးရေး နည်းပညာဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)