ကျိုင်းတုံ၌ ဆိုင်ကယ် မီးရှို့ဖျက်ဆီးပြီး နေအိမ်တွင်း ပရိဘောဂပစ္စည်းများအား ရိုက်ချိုးဖျက်ဆီးသူကို အရေးယူ

ကျိုင်းတုံ ၉  ဇွန် 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းလပ်အုပ်စု၊ ပြည်ငြိမ်းအေးအိမ်ရာ၌  မိမိနေအိမ်အတွင်းရှိ ဆိုင်ကယ်နှင့် ပရိဘောဂပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့သူကို ဇွန် ၈ ရက်နေ့ညပိုင်းက အမှုဖွင့်အရေးယူခဲ့သည်။

 

ဖြစ်စဉ်မှာ ဇွန် ၈ ရက်နေ့တွင် အောင်လင်းဦးသည် မိုင်းလပ်အုပ်စု၊ ပြည်ငြိမ်းအေးအိမ်ယာမှ ကျိုင်းတုံမြို့တွင်းသို့ သွားရောက်လည်ပတ်ရန်အတွက် ဖခင်ဖြစ်သူထံ ပိုက်ဆံတောင်းခဲ့ရာ မနက်မှ ပေးထားပြီးဖြစ်သည့်အတွက် ဆက်လက်မပေးလိုကြောင်းပြောရာ သားဖြစ်သူ အောင်းလင်းဦးက အိမ်အတွင်းရှိ ဆိုင်ကယ် လိုင်စင်စာအုပ်များအား တောင်းယူခဲ့ပြီး ဆိုင်ကယ်အား တူဖြင့် ထုချေဖျက်ဆီးသည့်အပြင် ဆိုင်ကယ်အား အိမ်ရှေ့လမ်းမပေါ်သို့ တွန်းထုတ်ကာ မီးရှို့ခဲ့ပြီးနောက် နေအိမ်အတွင်းရှိ ပရိဘောဂပစ္စည်းများ၊ တီဗွီနှင့် အခြားပစ္စည်းများအား ရိုက်ချိုးဖျက်ဆီးခဲ့သဖြင့် ဖခင်ဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းခဲ့သည်။

 

အမှုမှ ဆိုင်ကယ်အား မီးရှို့ဖျက်ဆီးပြီး နေအိမ်အတွင်းရှိ ပရိဘောဂပစ္စည်းများအား ရိုက်ချိုးဖျက်ဆီးသူ အောင်လင်းဦးအား ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

မြင့်မိုရ်(တာချီလိတ်)